ကန်ကြီးထောင့်မြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဆင်းပွဲ ကျင်းပ

ကန်ကြီးထောင့်   ဩဂုတ်  ၇

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်း မှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးလိုက်တဲ့ အခြေခံစက်ချုပ်ပညာရပ်များဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ကြိုးစားဆောင်ရွက်သွားကြရန်နှင့် ခေတ်နှင့်အညီ စက်ချုပ်ပညာရပ်များကို ဆက်လက် လေ့လာဆည်းပူးသွား ကြရန် အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်လဲ့လဲ့ထွန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်တို့က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ထူးချွန်ဆုရ သင်တန်းသူတစ်ဦးကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။

ထို့နောက် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်လဲ့လဲ့ထွန်းက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ရာ သင်တန်းသူတစ်ဦးမှ လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

နန်းထိုက် (ပြန်/ဆက်)