မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းယောင်း မေ ၁၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက မျိုးရိုးဗီဇပြောင်းလဲနေသော ကိုဗစ်-၁၉ ရောဂါပိုးများ မိမိတို့ မြို့နယ်အတွင်းသို့ ကူးစက်ပြန့်ပွားခြင်း မရှိစေရန် အထူးဂရုပြု ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း စသည့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းနှင့် အစည်းအဝေး တက်ရောက်လာသူတို့က ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ခြင်း လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ပြည်သူများ အနေဖြင့်လည်း ပေါ့ဆ၍ မရပါကြောင်း၊ ယခုကာလ၌ တာဝန်ရှိသူများအနေဖြင့် ရောဂါ ထိန်းချုပ်မှုလုပ်ငန်းကို အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျန်းမာရေးဌာနအနေဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ တင်ပြသွားမည်ဖြစ်ကြောင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊  လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးအကြံပြုခဲ့ကြသည်။

 

ထို့နောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံနေမှု လုပ်ငန်းများကို တစ်ပြိုင်နက်တည်း ကြိုးစားဆောင်ရွက်နေကြသည်ကို အသိအမှတ်ပြု ဂုဏ်ပြုပါကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီသူနာအပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း