၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ငပုတော     ဩဂုတ်        ၇

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ နယ်အတွင်း၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးအောင်က ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းထုတ်ပြန်ကြေညာထားမှုအခြေအနေများ၊ အဖွဲ့ဝင် ဌာနဆိုင်ရာများအား ဇုန်နယ်မြေများအလိုက် တာဝန်ချထားမှု အခြေများကို ရှင်းလင်းဆွေးနွေးပြီး ဌာနဆိုင်ရာ အဖွဲ့ဝင်များကလည်း မိမိတို့၏ ကဏ္ဍတစ်ခုချင်းစီအလိုက် တာဝန်ယူဆောင်ရွက်ရမည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေရွေးကောက်ပွဲတွင် ငပုတောမြို့နယ်အတွင်း၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၁၇၉၈၆ ဦးအတွက် မဲရုံပေါင်း ၂၅၁ ရုံထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)