ကျိုင်းတုံ ဩဂုတ် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျိုင်းခုံရပ်တွင် ယနေ့ နံနက် ၆ နာရီခွဲခန့်က မိုးရွာသွန်းမှု ကြောင့် ရွာနတ်စင်ဝင်းအတွင်းရှိ ညောင်ပင်ပြိုလဲကျခဲ့ပြီး နေအိမ်တစ်လုံး အမိုးနှင့်ခြံစည်းရိုး အုတ်တံတိုင်းများ ပျက်စီးခဲ့ကာ နောင်ယန်းလမ်းပိတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ညောင်ပင်ပြိုလဲကျရာသို့ ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ရှမ်းပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှု ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် တာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ပေးပြီး ခရိုင်မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဌာနဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေ ပြည်သူများက နောင်ယန်းလမ်းပေါ်နှင့် နေအိမ်အပေါ်သို့ ပြိုလဲကျနေသည့် ညောင်ပင်သစ်ကိုင်းများနှင့် သစ်ပင်လဲကျမှုကြောင့် ပြတ်တောက်ခဲ့သည့် လျှပ်စစ်ဓာတ်ကြိုးများအား ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ညောင်ပင်ပြိုလဲကျမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာမရရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)