လားရှိုး ဩဂုတ် ၇
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မေလ(၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့က နေရပ်ပြန်ပြည်သူ အမျိုးသား (၇၁)ဦး ၊ အမျိုးသမီး(၄၈)ဦး စုစုပေါင်း (၁၁၉)ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။ အဆိုပါနေရပ်ပြန် ပြည်သူ (၁၁၉)ဦးတို့တွင် ကချင်ပြည်နယ်မှ(၅)ဦး ၊ကယားပြည်နယ်မှ(၁)ဦး ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ (၂၂)ဦး ၊ ပဲခူးတိုင်းဒေသကြီးမှ (၉)ဦး ၊ မကွေးတိုင်း ဒေသကြီးမှ (၂၃)ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ(၃၁)ဦး ၊ နေပြည်တော်မှ (၃)ဦး၊ ရခိုင်ပြည်နယ်မှ(၁၈)ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ (၃)ဦး ၊ ဧရာဝတီတိုင်းဒေသ ကြီးမှ (၄)ဦး တို့ဖြစ်ကြသည် ။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား စနစ်တကျ စိစစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေလ(၆)ရက်နေ့မှ ဩဂုတ်လ(၆)ရက်နေ့အထိ နေရပ်ပြန် ပြည်သူအမျိုးသား (၈၇၄၄)ဦး ၊ အမျိုးသမီး(၅၄၈၅)ဦး စုစုပေါင်း (၁၄၂၂၉)ဦးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့ကြောင်းသိရသည်။
နန်းသန္တာဦး
(ပြည်နယ်၊ ပြန်/ဆက်)