မိုင်းယု မေ ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကျေးလက်တောင်သူများ တောတောင်တို့တွင် သဘာဝအလျာက်ပေါက်နေသည့် ဒေသရှမ်းအခေါ် ဟစ်ခွန်း(န်)(ခ) ရောသမမှိုများ ရှားပါးစွာရှာဖွေရောင်းချကြရာမှ မိသားစု အပိုဝင်ငွေ ရရှိကာ အဆင်ပြေ လျက်ရှိကြသည်။
အဆိုပါ မှိုများသည် တန်ခူးလနှောင်းပိုင်း ကဆုန်လဆန်းအကြားတွင် စတင်ပေါက်ရောက်လေ့ရှိပြီး ဝေးလံခေါင်ဖျားသည့် တောနက်များတွင်သာ ပေါက်ရောက်တတ်၍ ယင်းတောနက်အထိ ဒေသခံ တောင်သူတို့ သွားရောက်ကာ တစ်နေ့ကုန်ရှာဖွေရာမှ အများဆုံး သုံးကီလို(ခ)လေးကီလိုထိသာ ရရှိကြသော်လည်း တစ်ခါတစ်ရံ အနည်းငယ်ပင်မရရှိကြကြောင်း၊ ၎င်းမှိုသည် အပွင့်ဖြစ်လျှင် တစ်ကီလို ကျပ်နှစ်ထောင်သာ ရရှိပြီး အဖူးအငုံဖြစ်လျှင် တစ်ကီလို ကျပ်ရှစ်ထောင်ထိ ဈေးကောင်းရရှိပါကြောင်း အဆိုပါ မှိုရှာဖွေသူများက ပြောသည်။
ထိုကဲ့သို့ ရှားပါးစွာ ရှာဖွေရရှိသည့် မှိုများကို ဒေသခံတိုင်းရင်းသားများက ဈေးကောင်းပေးဝယ်၍ အရသာပြည့်စုံချိုမြိန်သည့် ဟင်းလျာတစ်ခွက်အဖြစ်လည်းကောင်း၊ ချဉ်စပ်ဟင်းရည်ဖြင့် ပြုတ်တို့ စားခြင်းများ ပြုလုပ်လေ့ရှိကြောင်း၊ ယင်း ဟစ်ခွန်း(န်)(ခ) ရောသမမှိုများကို ဒေသခံများ အလွန်ကြိုက်နှစ်သက်ကြ၍ ရှာဖွေရောင်းချသူတို့အတွက် ဈေးကောင်းရရှိကာ အဆင်ပြေကြလျက် ရှိကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)