မြောင်းမြ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်များ၊ ပညာရေးမိသားစုများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အ.ထ.က(၁)၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက်မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးမှ ကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခြင်း၊ ခရိုင်ပညာရေးမှူး ဦးစသိန်းကျော်က ၂၀၂၁−၂၀၂၂ ပညာသင်နှစ် ကျောင်းများ ဖွင့်လှစ်နိုင်ရေး အကြိုလုပ်ငန်းများ ဆောင်ရွက်ရေး လုပ်ငန်းများဖြစ်သော မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားပြီး၊ ဇွန်လ(၁)ရက်နေ့ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ ကြိုတင်ပြင်ဆင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံချိန်တွင် အခမဲ့ပေးမည့် ပစ္စည်းများကို တစ်ပါတည်းပေးရန်နှင့် မည်သည့်ငွေကြေး၊ မည်သည့်ပစ္စည်းမျှ ကောက်ခံခြင်း၊ ရောင်းချခြင်းမပြုရန် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်များ၊ ပညာရေးမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)