မိုင်းယောင်း မေ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသထွက် လက်မှုပစ္စည်းများဖြစ်သော သစ်သားဖြင့် ပြုလုပ်ထားသည့် ငရုတ်ဆုံနှင့် ပေါင်းအိုးများ အရောင်း သွက်၍ အိမ်တွင်းလက်မှုစီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အောင်မြင်လျက်ရှိသည်။
ဒေသခံတောင်သူအချို့သည် ငရုတ်ဆုံ၊ ပေါင်းအိုးများပြုလုပ်ရန် နွေရာသီတွင် သစ်အမာ သားများအား ရှာဖွေခုတ်ယူ၍ သိမ်းဆည်းထားကြပြီး စပါးစိုက်ရာသီတွင် ကောက်စိုက် အသုံးစရိတ်ကို ကာမိစေရန်အတွက် ငရုတ်ဆုံ၊ ပေါင်းအိုးများ ပြုလုပ်ရောင်းချကြသည်။
သစ်သားအမျိုးအစားနှင့် အရွယ်အစားပေါ်မူတည်၍ ငရုတ်ဆုံ တစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိလည်းကောင်း၊ ပေါင်းအိုးတစ်လုံးလျှင် ကျပ် ၅၀၀၀ မှ ကျပ် ၂၀၀၀၀ အထိလည်းကောင်း ရောင်းချရပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိသည်။ မိုင်းယောင်းဒေသမှ ထွက်ရှိသော အိမ်တွင်းလက်မှု ပစ္စည်းများကို အနယ်နယ်အရပ်ရပ်မှ လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း