ဟိုမိန်းမြို့ နောင်လုံကန်အသေးစား ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်း (၅၀) ရာခိုင်နှုန်းပြီးစီး

ဟိုမိန်း   သြဂုတ်   ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့၌ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဟိုမိန်းမြို့ အမှတ်(၃) ရပ်ကွက်၊ နောင်လုံကန်တွင် 180 KW တာဘိုင်စက်နှစ်လုံး တပ်ဆင်အသုံးပြုမည့် အသေးစားရေအားလျှပ်စစ် စက်ရုံတည်ဆောက်ခြင်း လုပ်ငန်း(၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

နောင်လုံကန်အသေးစားရေအားလျှပ်စစ် စက်ရုံတည်ဆောက်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀၀၀.၀၀၀)သန်းဖြင့် တင်ဒါအောင်မြင်သည့် Kyi Thein & Family ကုမ္ပဏီမှ ဇွန်လ(၁၀)ရက်နေ့မှ စတင် တာဝန်ယူ တည်ဆောက်နေပြီး ရေထိန်းတံခါး တည်ဆောက်ခြင်းနှင့် ဖိအားမြှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းအတွက် မြေတူးခြင်းလုပ်ငန်း၊ စက်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ 180KW တာဘိုင်စက်နှစ်လုံးအတွက် အထိုင်ဖောင်ဒေးရှင်း ပြု လုပ်ခြင်း လုပ်ငန်းများနှင့် ရေထုတ်မြောင်းလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပြီး  စီမံကိန်း အတွက် လိုအပ်သော ပစ္စည်း များအားလုံးကို ရာနှုန်းပြည့် လုပ်ငန်းခွင်အရောက် သယ်ယူပြီးဖြစ်ရာ လုပ်ငန်းဆောင်ရွက်မှု (၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးစိုးညွန့် ထံမှ သိရသည်။

ဟိုမိန်းမြို့သည် လျှပ်စစ်မီးမရရှိသည့်အတွက် တစ်မြို့လုံးတွင်ဆိုလာမီးနှင့် ဒီဇယ်အင်ဂျင် မီးစက်များကိုသာ အဓိကအားထား အသုံးပြုနေရပြီး အဆိုပါစီမံကိန်းပြီးစီးသွားပါက ဟိုမိန်းမြို့ရှိ အမှတ်(၁)ရပ်ကွက် နားမိုင်၊ အမှတ်(၂)ရပ်ကွက် နားမိုက်လေ နှင့် အမှတ်(၃)ရပ်ကွက် မိန်းမိုင်ရပ်ကွက်တို့တွင် လျှပ်စစ်မီးလင်း နိုင်တော့မည် ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် ပျော်ရွှင် ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

ရဲနောင်(ဟိုမိန်း)