ဇေယျာသီရိ ဩဂုတ် ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဇေယျာသီရိမြို့နယ်တွင် တောင်သူများနှင့်အနီးကပ် ထိတွေ့မှုရှိသော စိုက်ပျိုးရေးဝန်ထမ်းများအား မျိုးစေ့ထုတ်နည်းပညာသင်တန်းပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ချက် ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ (KC)တွင် ကျင်းပခဲ့သည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် Covid- 19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် အစီစဉ်နဲ့ ဇေယျာသီရိမြို့နယ်မှာ ၂၀၁၉ - ၂၀၂၀ မိုးစပါး (Rs to Cs)မျိုးထုတ်စိုက်ပျိုးထုတ်လုပ် တဲ့ ကျေးရွာအုပ်စု (၁၁)အုပ်စု ၊ တောင်သူပေါင်း (၁၅၇)ဦး ၊ မျိုးစေ့ထုတ်လုပ်မည့်ဧက (၄၇၃) ဧကရှိပြီးတော့ အနီးကပ်ကြီးကြပ် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယခုလိုတောင်သူများ နှင့်အနီးကပ် ထိတွေ့မှုရှိသော စိုက်ပျိုးရေး ဝန်ထမ်း များကို သင်တန်းပေး တာဖြစ်တယ် လို့ ဇေယျာသီရိမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးပြေသိန်း၏ပြောပြချက် အရသိရှိရသည်။
အဆိုပါသင်တန်းတွင် ခရိုင်သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ခင်မြဦးနှင့် တိုင်း/ခရိုင်မှ တာဝန်ရှိသူများက မျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်း၊ မျိုးစေ့ဆားရည်စိမ်ခြင်း၊ မျိုးစေ့အရည် အသွေး ထိန်းသိမ်းခြင်းလုပ်ငန်းအဆင့်ဆင့်၊ စပါးသီးနှံတွင် ကျရောက်လာသော ပိုးမွှားကာကွယ် ခြင်း နည်းလမ်း၊ စပါးသက်တမ်းအလိုက် သဘာဝမြေဩဇာ သုံးစွဲနည်းများကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှတောင်သူများနှင့် အနီးကပ် ထိတွေ့မှု ရှိသောစိုက်ပျိုးရေးဝန်ထမ်း ၃၂ ဦးတက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
အေးလင်းထွန်း(ဇေယျာသီရိပြန်/ဆက်)