မိုင်းယု မေ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ဒေသထွက် မိသားစုအိမ် တစ်နိုင်တစ်ပိုင် ခြံထွက်အရိပ်ရ လိုင်ချီးသီးများ လှိုင်လှိုင်ပေါ်၍ ဆွတ်ခူးရောင်းချရာမှ မိသားစု အပိုဝင်ငွေရကာ အဆင်ပြေလျက်ရှိသည်။
လိုင်ချီးပင်သည် အပွင့်ပွင့်ပြီး ရက်ပေါင်း ၁၂၀မှ ၁၄၀အကြာတွင် အသီးသီးစတင်သီးကာ အပင်၌ပင် ရင့်မှည့်လွယ်သောအသီးမျိုးဖြစ်ပြီး မှည့်သည့်နှင့်တစ်ပြိုင်တည့် အနံ့အလွန်မွှေးကြောင်း၊ မရင့်မှည့်သေးသည့် အသီးမှာ အစိမ်ရောင်ဖြစ်ကာ ရင့်မှည့်သည့်အသီးမှာ အနီရောင်ရဲရဲတောက်ကာ အခွံခပ်ကြမ်းကြမ်း ပုံစံဖြစ်လျက် ၎င်းအောက်တွင် အရည်ရွှမ်းပြီးအရသာရှိသည့် အဖြူရောင် အသားရှိသည်။ ယင်းအသားအောက်တွက် ညှိမည်းသည့်အစေ့ကိုတွေ့ရှိရပါကြောင်း၊ တစ်နိုင်တစ်ပိုင် မိသားစုအိမ်ခြံဝင်းအတွင်း အရိပ်ရစိုက်ပျိုးထားသည့် လိုင်ချီးပင်မှ အသီးများ လှိုင်လှိုင်ပေါ်၍ ဒေသခံတောင်သူများမှာ ဆွတ်ခူး၍ ထမ်းတောင်းအတွင်းထည့်ကာ ဒေသတွင်း လှည့်လည်ပြီး ယင်း လိုင်ချီးသီး အချဉ်သီး အလုံး(၂၀)ကျော်ပါ အခိုင်တစ်စီးလျင် ငွေကျပ် ၅၀၀နှုန်းနှင့် အချိုသီးဖြင့်လျှင် တစ်ကီလိုလျှင် ကျပ် ၂၀၀၀မှ ၃၀၀၀ အထိရရှိကြောင်း လိုင်ချီး စိုက်တောင်သူက ပြောသည်။
မိုင်းယုဒေသတွင် ဒေသခံတောင်သူများက မိမိတို့၏ မိသားစုခြံဝင်းအတွင်း အရိပ်ရနှစ်ရှည် သီးပင်စားပင် ပင်ကြီးမျိုးများဖြစ်ကြသည့် နှင်းသီး(ခ)ကြောင်မျက်လုံးသီးပင်များ၊ လိုင်ချီးပင်၊ သရက်ပင်၊ ပိန္နဲပင်၊ ညောင်ချဉ်ပင်၊ အုန်းပင်၊ ထောပတ်ပင်နှင့် မန်ကျည်းပင်တို့ကို အနည်းဆီစိုက်ပျိုးထားလျက်ရှိပြီ ရာသီအလိုက် သီးမှည့်ကြသည့် အသီးအနှံတို့ကို တစ်ပိုင်တစ်နိုင် ထမ်းတောင်းတွင်းထည့်ကာ ထမ်း၍ ဒေသတွင်း လှည်လည်ရောင်းချကာ အပိုဝင်ငွေရှာသည်မှာ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ ဘိုးဘွားစဉ်ဆက် မိရိုးဖလာအမူအကျင့်တစ်ခုပင်အလား ထင်ရပေသည်။
ကိုကိုနိုင်(မိုင်းယု)