မိုင်းယောင်း မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရာသီပေါ်သခွားမွှေးများ လှိုင်လှိုင်ပေါ်ချိန်တွင် ဝယ်ယူစားသုံး သူများအကြိုက်တွေ့၍ လတ်တလောကာလ၌ သခွားမွှေးများ ဈေးကောင်းရနေသဖြင့် ခြံစိုက်သခွားမွှေး ရောင်းချသူများ အဆင်ပြေကြကြောင်း သိရသည်။
“သခွားမွှေးစတင်ပေါ်ချိန်မှာ ခြံထွက်သခွားမွှေးတွေကို ဒီဒေသက လူတွေက ဝယ်ယူစားသုံးကြတယ်။ မိုင်းယောင်းဒေသမှာ သခွားမွှေးကို တစ်ပိုင်တစ်နိုင်စိုက်ပျိုး ရောင်းချကြပြီး ယခုကာလ ခူးဆွတ်ချိန်မှာ သခွားမွှေးလေးလုံး(တစ်ပုံ)ကို ကျပ် ၂၀၀၀ ဝန်းကျင်အထိ ဈေးကောင်းရနေပါတယ်။ ဒီဒေသက တောင်သူအများစုဟာ သခွားမွှေးကို အခြားသီးနှံနဲ့ရောပြီး တစ်ဧကလောက် စိုက်ပျိုးကြပါတယ်” ဟု သခွားမွှေးတစ်ပိုင်တစ်နိုင် စိုက်ပျိုးသူ တောင်သူတစ်ဦးက ပြောသည်။
မိုင်းယောင်းဒေသမှ တောင်သူအများစုသည် ယခုကာလတွင် ဒေသထွက် ခြံထွက်သီးနှံများကိုသာ အဓိကထား စိုက်ပျိုးရောင်းချကြပြီး ခရမ်းချဉ်၊ သခွား၊ ဖရုံ၊ ဖရဲ၊ ငရုတ်၊ နံနံ၊ ကိုက်လံ၊ ဂေါ်ဖီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲအမျိုးမျိုး စသည့် စိုက်ပျိုးရေးခြံထွက်သီးနှံများ ရောင်းချခြင်းဖြင့် နေ့စဉ်အပိုဝင်ငွေရှာဖွေကြကြောင်း သိရသည်။
အားချာ