မိုင်းယု မေ ၂၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသမိုင်းယုမြို့တွင် မိုးအစေ့ထုတ်ပြောင်းများကို သင်္ကြန်မိုးကျပြီးနောက် စတင်စိုက်ပျိုးလျက်ရှိရာ ယခုအခါ မိုးဦးစိုက်အစေ့ထုတ်ပြောင်းများ အောင်မြင် ဖြစ်ထွန်းနေ၍ ဈေးကောင်းထပ်မံရရှိရန် တောင်သူတို့ မျှော်လင့်နေလျက်ရှိသည်။
မိုင်းယုမြို့ရှိ ဒေသခံတောင်သူများမှာ ပြောင်းကို တန်ခူးလဆန်းပိုင်း(သင်္ကြန်မိုးဦး) ကျသည်နှင့် စတင်စိုက်ပျိုးကြပြီး ယခုနှစ် အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် ငမြှောင်တောင်ပိုး ကျရောက်မှု မရှိစေရန်နှင့် ပြောင်းစိုက်ခင်းများ အထွက်နှုန်းတိုးပွားစေရန် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးနည်း ပညာများ စဉ်ဆက်မပျက် ကွင်းဆင်းပညာပေးနေလျက်ရှိကြောင်း၊ မျိုးများမှာ Cp.888၊ ယိုးဒယား 288၊ F.888 နှင့် Cp.222 မျိုးများဖြစ်ပြီး ၎င်းမျိုးများမှာ ဖူးတံရှည်ကာ အဖူးထွက်လုံသည့်အတွက် မိုးကာလတွင်စိုက်ပျိုးပါက မိုးဒဏ်ခံနိုင်ပြီး အထွက်နှုန်းပိုကောင်း၍ တောင်သူများ ကြိုက်နှစ်သက်သည့် ပြောင်းမျိုးစေ့များဖြစ်ကြောင်း၊ ယခုနှစ် မိုးအစေ့ထုတ်ပြောင်းစိုက်ဧကမှာ ဧက ၁၈၀၀ ကျော်ရှိပါကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးမင်းဦးကျော်က ပြောသည်။
အစေ့ထုတ်ပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီဟူ၍ တစ်နှစ်လျှင် နှစ်ရာသီသာ စိုက်ပျိုးလျက်ရှိပြီး ယခင်နှစ် မိုင်းယုဒေသ၌ မိုးအစေ့ထုတ်ပြောင်းကို တစ်ရှူးဌက်ပျောစိုက်မြေနေရာများတွင်ပါ ဌက်ပျောအစား အစေ့ထုတ်ပြောင်းကို ဧကများစွာစိုက်ပျိုးလာလျက်ရှိပြီး ယခင်နှစ် တစ်ဧကလျှင် ၈၂ တင်းခန့်ထွက်ရှိပြီး မိုးအစေ့ထုတ်ပြောင်း အခြောက် တစ်ကီလိုလျှင် ငွေကျပ် ၄၀၀ ထိရရှိခဲ့ပါကြောင်း၊ ယခုနှစ် စိုက်ပြောင်းများကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်မှု နည်းပါးပြီး အသီးဆွတ်ခူးချိန်တွင် အထွက်နှုန်းကောင်းမွန်စေရန် ပျှော်လင့်ထားပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ အစေ့ထုတ်ပြောင်းများကို ပြည်တွင်း၌သာမက ပြည်ပသို့ တင်ပို့ရောင်းချရာတွင်လည်း မိသားစုဝင်ငွေ ပိုမိုရရှိစေ၍ နိုင်ငံတော်နှင့် တောင်သူများအတွက် အကျိုးပြုသည့် သီးနှံဖြစ်သောကြောင့် မိုးအစေ့ထုတ်ပြောင်းများကို မိုင်းယုဒေသတွင် များစွာစိုက်ပျိုးနေလျက်ရှိပြီး ယခင်နှစ်ထက် ပိုမိုအောင်မြင် လျက်ရှိပြီး ဈေးကောင်းထပ်မံရရှိရန် တောင်သူများ မျှော်လင့်နေလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)