ဟိုပန် မေ ၂၄
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်ကြားရေးနှစ်တွင် ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားနိုင်ရန်အတွက် ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ ဟိုပန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် ကျောင်းသူ/ ကျောင်းသားများကို စတင်လက်ခံလျက်ရှိကြောင်း သိရှိရသည်။
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်(၉)နာရီမှစတင်၍ ကျောင်းအပ်လက်ခံရာ၌ KG တန်းမှ Grade-11 အထိ ကျား(၁၇)၊ မ(၁၈)ဦး စုစုပေါင်း(၃၅)ဦးတို့ ကျောင်းအပ်နှံခဲ့ပြီး မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိ ကျောင်းအပ်နှံမှုကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
KG တန်းနှင့် Grade-1 ကျောင်းသူ/ကျောင်းသားများ ကျောင်းအပ်နှံရာတွင် မွေးစာရင်း မူရင်း/မိတ္တူ၊ မိဘမှတ်ပုံတင် မူရင်း/မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်းနှင့်မိတ္တူတို့ကို ယူဆောင်လာရမည်ဖြစ်ပြီး ကျန်အတန်းများအနေဖြင့် မိဘမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများကို ယူဆောင် လာရမည် ဖြစ်သည်။
၂၀၂၁-၂၀၂၂ ပညာသင်ကြားရေးနှစ်တွင် KG တန်းမှ Grade-11 အထိ ကျောင်းသူ/ကျောင်းသားများအား နိုင်ငံတော်မှ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောလ်ပင်၊ နှာခေါင်းစည်း Mask (၂)ခုနှင့် Face shield (၁)ခုတို့ကို အခမဲ့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ဟိုပန်မြို့နယ်အထက ကျောင်းအုပ်ဆရာမကြီးထံမှ သိရှိရသည်။
စိုင်းနိုင်လင်း (ပြန်/ဆက်)