ကျောင်းအပ်နှံရေးသီတင်းပတ် ကျိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ကျောင်း အပ် လက်ခံ

 

ကျိုင်းတုံ           မေ  ၂၄

           

၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အတွင်းရှိ အခြေခံကျောင်းများတွင် ယနေ့ နံနက် ၉ နာရီမှစတင်၍ ကျောင်းအပ် လက်ခံပေးလျက်ရှိသည်။

           

“ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံရေး ကျောင်းထွက်သူပပျောက်ရေး ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ပေး” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်း များ တွင် မေလ ၂၄ ရက်မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ် လက်ခံပေးနေလျက်ရှိရာ ကျိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း စသည့် ကျောင်းအလိုက် ကျောင်းအသီးသီးတွင် ကျောင်းနေအရွယ် က‌လေးများအားလုံး ခွဲခြားမှုမရှိဘဲ အခွင့်အရေးတူညီစွာဖြင့် ပညာသင်ယူခွင့်ရရှိရေးအတွက် KG တန်းမှ ဆယ်တန်းအထိ ကျောင်းအပ်နှံ‌ရေး စတင်ဆောင်ရွက် ပေးလျက်ရှိပြီး ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူများအားလုံးကို ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများနှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် Mask နှင့် Face Shield များကို (အခမဲ့) ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။

 

ကျိုင်းတုံမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် (၁၁)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (၅)ကျောင်း၊ အလယ်တန်းအဆင့် (၇)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၇)ကျောင်း၊ မူလွန်အဆင့် (၂၂)ကျောင်းနှင့် မူလတန်းအဆင့် (၁၅၁) ကျောင်း စုစုပေါင်း အခြေခံပညာရေးစာသင်ကျောင်း (၂၀၃)ကျောင်းနှင့် ပုဂ္ဂလိကပိုင် ကိုယ်ပိုင်ကျောင်း (၅)ကျောင်းရှိရာ မေလ ၂၄ ရက်နေ့မှစတင်၍ မေလ ၃၁ ရက်နေ့အထိ သက်ဆိုင်ရာကျောင်းများတွင် ကျောင်းအပ်လက်ခံပေးလျက်ရှိပြီး ဇွန်လ ၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းများကိုစတင်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။

           

ရဲထက်ဦး(ပြန်/ဆက်)