တံတားဦး ၊ မေ ၂၄
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၁ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက် (၉)နာရီမှ စတင်ကာအခြေခံ ပညာကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်လျက် ရှိကြောင်းသိရသည် ။
အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားခြင်းကြောင့် ကျောင်းများ ယာယီပိတ်ထားခဲ့ရာ ယခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများဖြစ်သော အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းတွင် မေလ(၂၄) ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ စာသင်ကျောင်းများ စတင်လှစ်နိုင်ရေးအတွက် တာဝန်ကျကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာများက မိမိတို့တာဝန်ကျရာ ကျောင်းများ၌ ကျောင်းအပ် နှံရေးလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား/သူများအား ကျောင်းစတင်အပ်နှံသည့်နေ့ တွင် ကျောင်းသား/ကျောင်းသူ တစ်ယောက်လျှင် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ ၊ Mask face shield တို့ကို အခမဲ့ပေးအပ်ခဲ့ကြပြီး ဇွန်လ(၁)ရက်နေ့မှ စတင်ကာ ကျောင်းသား/ ကျောင်းသူများအား စတင်ပညာ သင်ကြားပေးမည်ဖြစ်ရာ စာသင်ကြားရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စည်းကမ်းများနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည် ။
တံတားဦးမြို့နယ် အနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အထက်တန်း ကျောင်းခွဲ(၈)ကျောင်း အလယ်တန်းကျောင်း(၁၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၈)ကျောင်း၊ မူလတန်းလွန်ကျောင်း(၁၇)ကျောင်း ၊ မူလတန်း ကျောင်း(၆၉)ကျောင်း ၊ စုစုပေါင်း(၁၂၁)ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည် ။
ရဲတင့်(တံတားဦး-ပြန်/ဆက်)