တောင်သာမြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ကျောင်းအပ်လက်ခံ

တောင်သာ မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရန် ယနေ့ နံနက် ၈ နာရီမှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

တောင်သာ မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့် ရရှိဖို့ ကျောင်းအပ်နှံကြပါစို့  ဆောင်ပုဒ်နဲ့အညီ  ယနေ့မှစတင်ပြီး ကျောင်းအပ်နှံခြင်း လုပ်ငန်းတွေကို သက်ဆိုင်ရာ ကျောင်းအလိုက် လက်ခံဆောင်ရွက် ပေးလျက်ရှိပြီး ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်း ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံ၊ ပေတံ၊ Mask နှင့် Face Shield စသည့် ပစ္စည်းတွေကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးလျက်ရှိသည်။

ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1) သို့လည်းကောင်း အပ်နှံရမည်ဖြစ်ကာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အခြေခံပညာ ကျောင်းများကို ဖွင့်လှစ် သွားမည်ဖြစ်ရာ တောင်သာမြို့နယ်အတွင်း အခြေခံပညာ အထက်တန်း ကျောင်း(၁၆)ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ(၃၁)ကျောင်း၊ အလယ်တန်းကျောင်း (၂၅)ကျောင်း၊ အလယ်တန်း ကျောင်းခွဲ(၁၀)ကျောင်း၊ မူလွန်ကျောင်း(၃၀)ကျောင်း၊ မူလတန်းကျောင်း (၁၀၁)ကျောင်း၊ စုစုပေါင်း (၂၁၃)ကျောင်းရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)