မိုးနဲမြို့၌ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

မိုးနဲ    မေ   ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် ယမန်နေ့ ည ၆ နာရီ အချိန့်ခန့်က မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပေါ့မိုင်းရပ်ကွက်နှင့် လွိုင်မြေရပ်ကွက်တို့မှ အစိုးရ အဆောက်အဦများနှင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပေါ့မိုင်းရပ်ကွက် မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ အထူးတန်း ပွဲကြည့်စင် အလျား ပေ ၁၀၀၊ အနံ ပေ ၃၀ ရှိ RCC နှစ်ထပ် အဆောက်အဦအမိုးနှင့် သံဒိုင်းများ ပျက်စီးခဲ့ခြင်း၊ လွိုင်မြေရပ်ကွက် ကုသရေးဦးစီးဌာနရှိ အလျားပေ ၉၀ ၊အနံ ပေ ၅၀ အုတ်ကာ သွပ်မိုး (၆)ခန်းတွဲ ဝန်ထမ်းအိမ်ရာတွင် သစ်ကိုင်းကျိုးကျသဖြင့် မြားတန်းနှင့် သွပ်မိုးများပျက်စီးခြင်း၊ ပေါ့မိုင်းရပ်ကွက်ရှိ  အလျား ပေ ၆၀၊ အနံ ပေ ၃၀ ရှိ နှစ်ထပ် ဂိုဒေါင်မှာ အထူးတန်းပွဲကြည့်စင်မှ အမိုးများလွင့်ပျံ၍ ကျရောက်မှုကြောင့် အမိုးများ ပျက်စီးခြင်းနှင့် ပေါ့မိုင်းရပ်ကွက်ရှိ အလျား ပေ ၃၀၊ အနံ ပေ ၂၀ တစ်ထပ်နေအိမ်မှာလည်း အလားတူ အထူးတန်းပွဲကြည့်စင်မှ အမိုးများလွင့်ပျံ ကျရောက်မှုကြောင့် အမိုးများ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း (၂၂၁၆၀၀၀၀)ခန့်ရှိပြီး လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။

အဆိုပါ နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ မိုးနဲမြို့နယ် ခေတ္တအုပ်ချုပ်ရေး မှူး ဦးကျော်မျိုးထက်နှင့် အဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ် ဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ရပ်ကွက်များနှင့် ပေါင်းစပ်၍ ရှင်းလင်းမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)