ကျောက်ပန်းတောင်းမြို့နယ်တွင် အရိပ်ရသစ်ပင်မျိုးစုံ ပျိုးပင်ပေါက်ရောင်းချသူများ ပျိုးပင်ပေါက် ကုန်သည်အထိရောင်းချနေရ

ကျောက်ပန်းတောင်း  ဩဂုတ်  ၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ အင်ချောင်းကျေးရွာ၊ ဆည်ပေါက်စံပြကျေးရွာ၊ ညောင်ကန်ကျေးရွာ၊ ပုပ္ပားကျေးရွာတို့သည် အရိပ်ရသစ်ပင်၊ စားပင်သီးပင်နှင့် ပန်းအလှပင်အမျိုးမျိုး ပျိုးထောင်စိုက်ပျိုးရောင်းချသည့်ကျေးရွာများဖြစ်ကြကာ ယခုနှစ်မိုးရာသီတွင် အနယ်နယ်အရပ်ရပ်မှ ပျိုးပင်ပေါက်လာရောက်ဝယ်ယူမှု များပြားလာခဲ့ပြီး ပျိုးထောင်ရောင်းချသည့် အိမ်တိုင်းရောင်းချရခြင်းကြောင့် အရိပ်ရသစ်ပင်မျိုးကုန်သည်အထိ ရောင်းချခဲ့ရကြောင်း ဆည်ပေါက်စံပြကျေးရွာ ပျိုးပင်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် ဒေါ်သက်နှင်းဖြိုးထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်စံပြကျေးရွာ၊ အင်ချောင်းကျေးရွာ၊ ညောင်ကန်ကျေးရွာနှင့် ပုပ္ပားကျေးရွာများတွင် ရွာလုံးကျွတ်နီးပါး သစ်သီးသစ်ပင်၊ ပန်းအလှပင်များ ပျိုးထောင်ရောင်းချခြင်းဖြင့် စီးပွားဖြစ်စိုက်ပျိုးရောင်းချနေသည့်ကျေးရွာများဖြစ်ရာ ယခုနှစ်မိုးဦးကျချိန်မှစတင်ကာ ပျိုးထောင်ရောင်းချသည့် စိုက်ပျိုးပင်များ ကုန်သည်အထိရောင်းချရခြင်းကြောင့် ပျိုးပင်များပြတ်လပ်သည်အထိ အကုန်ရောင်းရသည့်နှစ်တစ်နှစ်ဖြစ်ခဲ့ကြောင်း ဆည်ပေါက်စံပြကျေးရွာ ဖူးပျိုးပင်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သည့် ဦးသောင်းရီမှ ရှင်းပြသည်။

ဒီနှစ်မိုးဦးကျစချိန်ကစပြီး ပျိုးပင်မျိုးစုံရောင်းချလာခဲ့ရာ ဆည်ပေါက်ကျေးရွာအိမ်တိုင်းမှာရှိတဲ့ စိန်တစ်လုံးကိုင်းဆက်သရက်၊ အစိပျိုးထောင်နှင့်ကိုင်းဖျားဆက်သရက်ပင်များ ပြတ်သည်ရောင်းချခဲ့ရကြောင်း၊ အခြားအပင်များဖြစ်သည့် မယ်ဇလီပင်များကိုလည်း ဝယ်ယူသူ လိုသလောက်မပေးနိုင်လာက်အောင် ရောင်းချခဲ့ရကြောင်း၊ ကားကြီးကားငယ်အသွယ်သွယ်ဖြင့် လာရောက်ဝယ်ယူကြခြင်းနှင့် ဖုံးဆက်၍ကြိုတင်ငွေပေးချေကာ တင်ရမည့်ကားများဖြင့် ကားဂိတ်အရောက်ပို့ပေးသည့်စနစ်ဖြင့်လည်း ရောင်းချပေးကြောင်း ဦးသောင်းရီက ရှင်းပြသည်။

အဆိုပါ ကျေးရွာများသည် စိန်တစ်လုံးအစေ့ပျိုးထောင်၊ ကိုင်းဆက်စိန်တစ်လုံးနှင့် R2E2 သရက်၊ စိမ်းချို၊ ပတ္တမြားငမောက်၊ မြကျောက်သရက်နှင့်သရက်အမျိုးမျိုး ပျိုးထောင်ရောင်ချခြင်း၊ သပြေ၊ ပိန္နဲ၊ မာလကာ၊ အစေ့မဲ့မာလကာ၊ အုန်းချိုမွေး၊ သပြေဘူတ၊ ဘုံခုနှစ်ဆင့်၊ ဗန်ဒါ၊ စန္ဒကူး၊ ပင်လယ်ကဗွီး၊ ဆူးပုတ်ကြီး/ဆူးပုတ်လေး၊ သစ်ခွအမျိုးမျိုး၊ နှင်းဆီအမျိုးမျိုးနှင့် ဩဇာ၊တမာ၊ ယင်းမာ၊မယ်ဇယ် စသည့်အရိပ်ရနှစ်ရှည်ပင်အမျိုးမျိုးနှင့် သီးပင်စားပင်နှစ်ရှည်ပင်အမျိုးမျိုး၊ ပန်းအလှပင်အမျိုးမျိုးတို့အား တနှစ်တာကာလပတ်လုံးရောင်းချနေရပြီး ယခုနှစ်မိုးဦးကျတွင် ပျိုးပင်အမြောက်အများရောင်းချခဲ့ရကြောင်း ဖူးပျိုးပင်မျိုးစုံရောင်းဝယ်ရေးမှ ဒေါ်သက်နှင်းဖြိုးက ပြောကြားသည်။

ကိုထိန်၊ (KPD)