ဘောလခဲခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး အတွက် ပံ့ပိုးကူညီရေး အဖွဲ့များ အစည်းအဝေး ကျင်းပ

ဘောလခဲ သြဂုတ် ၈

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ဘောလခဲခရိုင်အတွင်းရှိ မဲဆန္ဒရှင်များ၏ စာရင်းများ ပြည့်စုံမှန်ကန် စေရေးအတွက် ဘောလခဲခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၏ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုး ကူညီရေးအဖွဲ့ အစည်းအဝေးကို ယမန်နေ့ နံနက် (၉) နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် ခရိုင်အတွင်းရှိ တိုင်းရင်းသား ညီအစ်ကို မောင်နှများ မဲပေးရာတွင် နစ်နာဆုံးရှုံးမှု မရှိစေရေး ပြည်သူများ အခွင့်အရေးကို အကောင်းဆုံးရရှိရေးအတွက် ဆောင်ရွက်မည့် အစည်းအဝေး ဖြစ်ပါကြောင်း၊ ပြည်နယ်၏ လက်အောက်တွင် ခရိုင်/မြို့နယ်အနေဖြင့် ရပ်ကျေးစာရေးများ ဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးပြီးဖြစ် ကြောင်း၊ခရိုင်/မြို့နယ်စစ်ဆေးရေးအဖွဲ့များလည်း ယနေ့က စပြီး (၁၂)ရက်နေ့အထိ ကွင်းဆင်းစစ်ဆေး ရမည်ဖြစ်ကြောင်း၊ယနေ့ ဖားဆောင်းမြို့နယ်တွင် ကွင်းဆင်းပြီး မော်ချီးဒေသတွင် မှတ်ပုံတင် မရှိသေး သူများအတွက် ဆောင်ရွက်ပေးနေသည့် အခြေအနေများ၊မြို့နယ် ရပ်ကျေးများဆောင်ရွက်ထားသည့် အနေအထားများကို တစ်အိမ်တက် တစ်အိမ်ဆင်း ကြည့်ရှုစစ်ဆေးရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ထိန်းသိမ်းခြင်း၊ပြင်ဆင်ခြင်းများတွင် ပံ့ပိုးကူညီသည့် အစိုးရဌာနများ၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ အားနည်းချက်ဖြစ်ပေါ်ရသည့်အကြောင်းရင်းများကို စစ်ဆေးခြင်း၊ ကြီးကြပ်ခြင်း ပူးပေါင်းဆောင်ရွက်ခြင်း စသည့်အခြေအနေများကို ဖော်ထုတ်ပြီး ပြန်လည်ပြင်ဆင် ရမည်ဖြစ်ကြောင်း၊ မဲဆန္ဒပြည်သူများ အနေဖြင့် မဲပေးရမည့်အချိန်တွင် မဲစာရင်းမှန်ကန်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ပြည်နယ်အစိုးရအနေဖြင့် ကွင်းဆင်းစစ်ဆေး ကြီးကြပ် သည့် အဖွဲ့များအတွက် ကုန်ကျစရိတ်များအား ပံ့ပိုးပေးမည်ဖြစ်ပြီး သွားရောက်စစ်ဆေးရသည့်အ‌ကြောင်းရင်းမှာ မဲစာရင်းများ မှားယွင်းခြင်း၊ချွတ်ချော်ခြင်း၊လွဲမှားခြင်းများရှိလျှင် အချိန်မီ ပြင်ဆင်နိုင်ရန်အတွက်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ခရိုင်အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ လက်ထောက်ညွန်ကြားရေးမှူးက တင်ပြရာတွင် ဘောလခဲမြို့၌ ပထမအကြိမ် မဲစာရင်းကြေညာချက်အရ အမည်မပါသူ(၈၂)ဦး၊မပါသင့်မပါထက်သူ(၂၆)ဦး၊ ပြင်ဆင်ဖြည့်စွက်ရမည့်သူ(၃၆)ဦးရှိကြောင်း၊ တက်ရောက်လာသည့် ပံ့ပိုးကူညီရေးအဖွဲ့ဝင်များက လုပ်ငန်းကဏ္ဍအလိုက် တင်ပြရှင်းလင်းခဲ့ကြောင်း သိရသည်။

ဖိုးရယ်