ဟားခါး သြဂုတ် ၉
ချင်းပြည်နယ် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့်အဖွဲ့သည် China EXIM Bank ပံ့ပိုးချေးငွေမှ (၁၃)ကြိမ်မြောက် ချေးငွေအဖြစ် သမဝါယမချေးငွေ အရစ်ကျပေးချေငွေနှင့် ကျသင့်အတိုးငွေများ မှန်ကန်စွာ ဆောင်ရွက် နိုင်ရေးအတွက် ယနေ့တွင် ဖလမ်းမြို့နယ် သမဝါယမ ဦးစီးဌာနရုံးသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချင်းပြည်နယ်သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးနှင့်အဖွဲ့သည် ဖလမ်းမြို့နယ် သမဝါယမ ဦးစီးဌာန ရုံးအစည်းအဝေး ခန်းမ၌ ဌာနအတွင်း ဝန်ထမ်းများနှင့်တွေ့ဆုံပြီး သမဝါယမ ကျင့်ဝတ်၊ အနှစ်သာရ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် လက်ရှိ ဆောင်ရွက်နေမှု အခြေအနေများအား ဝန်ထမ်းများအနေဖြင့် လိုက်နာဆောင်ရွက်ကြရန်များကို လည်းကောင်း၊ သမဝါယမ ဦးစီးဌာန၏ တာဝန်ဖြစ်သော Organization, Education, Regulation(OER)ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အသင်းများ ဖွဲ့စည်းရာတွင် စနစ်တကျ ကျစ်လစ် ခိုင်မာအောင် ဖွဲ့စည်းရန်လည်းကောင်း၊ ချေးငွေများ အလွဲသုံးစား မဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် စာရင်းဇယားများ ပြည့်စုံမှန်ကန်စွာထားရှိ ဆောင်ရွက်ကြရန် များကို လည်းကောင်း ရှင်းလင်းမှာကြားခဲ့ပြီးနောက် China EXIM Bank ပံ့ပိုးချေးငွေမှ (၁၃)ကြိမ်မြောက် ချေးငွေအဖြစ် သမဝါယမချေးငွေ အရစ်ကျပေးချေးငွေနှင့် ကျသင့်အတိုးငွေများ မှန်ကန်စွာ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိနှင့် ဖလမ်းမြို့နယ် သမဝါယမ ဦးစီးဌာနရုံးဝင်းအတွင်း တည်ဆောက်လျက်ရှိသော မြေထိန်း နံရံတည်ဆောက်မှု အခြေအနေများ၊ ဖလမ်းမြို့ပေါ်ရှိ သမဝါယမအသင်း အရောင်းဆိုင်၏ ရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ဖလမ်းမြို့နယ် အနေဖြင့် China EXIM Bank ပံ့ပိုးချေးငွေမှ (၁၃)ကြိမ်မြောက်ချေးငွေအဖြစ် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သော သမဝါယမ အသင်းပေါင်း (၄၅)သင်း၊ အသင်းသားဦးရေ (၁၃၅၆)ဦး တို့အတွက် ထုတ်ချေးငွေ စုစုပေါင်းကျပ် (၅၇၂.၄၂၉)သန်း ထုတ်ချေးထားပြီး ၂၀၂၀ပြည့်နှစ် ဇူလိုင်လအတွင်း အရစ်ကျပေးဆပ်ရမည့် အရင်း ၁၆ ပုံ ၁ ပုံအတွက် ငွေကျပ်(၂၆.၁၄၄)သန်းနှင့် ကျသင့်အတိုးအတွက် ငွေကျပ် (၂၆.၄၂၀)သန်း စုစုပေါင်း ငွေကျပ်(၅၂.၅၆၄)သန်းကို အပြေအကြေ ပေးဆပ်ပြီးဖြစ်ကြောင်း သိရသည်။
ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များမှ China EXIM Bank ပံ့ပိုးချေးငွေမှ (၁၃)ကြိမ်မြောက် သမဝါယမ ချေးငွေများ အပြေအကြေ ပေးဆပ်ပြီးစီး လျက်ရှိပြီး ဆက်လက်၍ (၁၄)ကြိမ်မြောက် သမဝါယမချေးငွေများအား အသင်းသားဦးရေပေါ်မူတည်၍ ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ် ကြောင်း ချင်းပြည်နယ် သမဝါယမဦးစီးဌာနထံမှ သိရသည်။
အောင်ခွီရှိန်း ခရိုင်(ပြန်/ဆက်)