ဖားကန့်၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအဖြစ် မြို့နယ်၏ဝင်ထွက်ပေါက်များတွင် ကိုယ်အပူချိန်တိုင်း စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်

ဖားကန့်မတ်၂၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကူးစက်မြန်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဌာနနှင့်အတူ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသပြည်သူများပူးပေါင်းပြီး မြို့နယ်ဝင်ထွက်ပေါက်များတွင် ကိုယ်အပူချိန်တိုင်း စောင့်ကြည့် စစ်ဆေးခြင်း တို့အား ဆောင်ရွက်လျက်ရှိသည်။

မြို့နယ်၏ ဝင်ထွက်ပေါက်များဖြစ်သော ကာမိုင်းမြို့ စုပေါင်းစစ်ဆေးရေးဂိတ်၊ လုံးခင်းကျေးရွာ၊ လယ်ပြင်စစ်ဆေးရေးဂိတ်၊ ဖားကန့်မှ အင်းတော်ကြီးဒေသနှင့် အခြားမြို့များသို့ဆက်သွယ်ထားသော မကားပင်ကျေးရွာနှင့် ဥရုချောင်းတစ်လျောက် ရေလမ်းခရီးမှ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အထိ ဆက်သွယ်ထားသော ဆယ်ဇင်းကျေးရွာစစ်ဆေးရေးဂိတ်တို့တွင် ကိုယ်အပူချိန်တိုင်း စောင့်ကြည့်စစ်ဆေးခြင်းကို ဧပြီလကုန်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ကျန်းမာရေးစောင့်ကြည့်စစ်ဆေးခြင်းအား ကျန်းမာရေးဌာနဝန်ထမ်းများ၊ ရှေ့တန်းတပ်မဌာနမှ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိသည်။

ဖားကန့်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရေး ထိန်းချုပ်ကုသနိုင်ရန် ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံရှိ သံဃာဆောင်တွင် ကုတင်(၄)လုံး၊  သီတဂူစက္ခူဒါန ဆေးရုံ တော်တွင် ကုတင်(၅၀)၊ အိုးအိမ်တိုက်ခန်းတွင် (၉၆)ကုတင်၊ ကာမိုင်း တိုက်နယ်ဆေးရုံတွင် (၂၂)ကုတင်၊ ကာမိုင်း အ.ထ.က(ခွဲ) မြို့မ-၂တွင် ကုတင်(၄၀)၊ ကာမိုင်းဆေးရုံဝန်ထမ်းအိမ်ရာ ဟောင်းတွင် ကုတင်(၃)လုံး၊ အ.ထ.က နမ့်ယားတွင် ကုတင်(၂၀)၊ စုစုပေါင်း နေရာ (၇)ခုတွင် ကုတင်(၂၃၅)လုံး အသင့်ကြိုတင် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)