နွားထိုးကြီး ဩဂုတ် ၉
နိုင်ငံတော်အစိုးရဝယ်ယူသည့် နိုင်ငံတော် အရေးပေါ်ရိက္ခာ စားအုန်းဆီ တန်ချိန် ၄၂တန် (ဆီပုံး-၂၅၈၇ ပုံး)ထဲမှ ကျန်ရှိဆီပုံး (တန်ချိန် ၁၃ တန်) ကို နွားထိုးကြီးမြို့ မြို့နယ် အားကစားခန်းမ၌ ယနေ့တွင် လက်ခံသိုလှောင်နေပြီဖြစ်ကြောင်း စားသုံးသူ ရေးရာဦးစီးဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲအစီအစဉ်ဖြင့် ခရိုင်၊ မြို့နယ်များတွင် လက်ခံသိုလှောင်ရေး ကြီးကြပ်မှု အဖွဲများကို ဖွဲ့စည်းပေးထားပြီး ကိုဗစ် - ၁၉ ရောဂါဖြစ်မှု မြင့်မားလာရင် ပြည်သူလူထု စားနပ်ရိက္ခာ အဆင်ပြေဖို့ အရေးပေါ် စားအုန်းဆီများကို သိုလှောင်ထားခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားလာချိန်ကျရင် ဒါမှမဟုတ်ပြည်သူလူထု စားနပ်ရိက္ခာအခက်အခဲရှိတဲ့ အချိန် ကျရင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီစဉ်မှုနှင့်အတူ ဖြန့်ဝေပေးမည်ဖြစ်ကြောင်းကို စားသုံးသူရေးရာ ဦးစီး ဌာနမှ သိရသည်။
ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုနှုန်း မြင့်မားလာပါက တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် နိုင်ငံသားများကို ခွဲတမ်းဖြင့် ဖြန့်ဖြူးနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန များ၊ ဆီကုန်သည်များ၊ ဆီလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ နွားထိုးကြီးမြို့နယ်အတွက် ဆီပလပ်စတစ်ပုံး ၂၅၈၇ ပုံး (၄၂ တန်) ကို လက်ခံသိုလှောင်ရေးအဖွဲ့မှ လက်ခံ သိုလှောင်ပြီးဖြစ်ကြောင်း သိရသည်။
သန်းအောင်ဇော်