မိုးညှင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့်ကြိုတင်ကာကွယ်ရေးအနေဖြင့် မီးရထားဘူတာရုံတွင် ခရီးသည်များအား အပူချိန်တိုင်းတာ စစ်ဆေး

မိုးညှင်း မတ် ၂၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင် ကာကွယ်ရေးအနေဖြင့် မီးရထားဘူတာရုံတွင်ခရီးသည်များအား အပူချိန်တိုင်းတာ စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် လူမှုရေးအသင်းအဖွဲများမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့မွန်းလွဲ၁နာရီတွင် မိုးညှင်းဘူတာသို့ ဆိုက်ရောက်သည့် အမှတ်၅၆အစုန် အထူး အမြန်ရထား ဖြင့် စီးနင်းလိုက်ပါလာကြသည့် ခရီးသွား ပြည်သူများနှင့် စီးနင်းလိုက်ပါမည့် ခရီးသွားများအား ကိုယ်အပူချိန်စစ်ဆေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန် လိုအပ်မည့်အချက်များကို ဆွေးနွေးဟောပြောခဲ့ကြသည်။

မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုမရှိစေရန် ပညာပေးလုပ်ငန်းများနှင့်ကြိုတင် စီမံခန့်ခွဲရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းအချက်အခြာကျသော နေရာများတွင် ကိုရိုနာဗိုင်းရပ်စ် နှင့်ပတ်သက်၍ အသိပညာပေး ဗွီနိုင်းစိုက်ထူခြင်း၊ ရောဂါ ကူးစက်ဖြစ်ပွားလာပါက သီးသန့်လူနာ ၂၅၅ဦး ထားရှိရန် နေရာ၆နေရာကိုလည်း ကြိုတင်စီမံဆောင်ရွက်ထားရှိကြောင်း မြို့နယ်စီမံခန့်ခွဲရေး ကော်မတီထံမှ သိရသည်။

မိုးညှင်းခရိုင် ပြည်သူ့ဆေးရုံကြီးတွင်လည်း ရောဂါသံသယလူနာထားရှိရန် သီးသန့်လူနာခန်းအပြင် အဆိုပါစောင့်ကြည့်လူနာခန်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် ဝန်ထမ်းများကိုလည်း အပတ်စဉ် ဂျူတီတာဝန်များခွဲဝေ ချထားကြောင်းနှင့် ယခုအချိန်အထိ မိုးညှင်းပြည်သူ့ဆေးရုံတွင် အဆိုပါရောဂါနှင့်ပတ်သက်၍ မတ်လ ၂၇ရက်နေ့အထိ စောင့်ကြည့်လူနာတစ်ဦးတစ်ယောက်မျှ မရှိသေးကြောင်း မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)