ရိခေါ်ဒါရ် ဇွန် ၈
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူများအား RDT (Test Kit)ဖြင့် ဒုတိယနေ့ စစ်ဆေးမှုကို ဇွန် ၈ ရက်၌ ပြုလုပ်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ ၁၄ ဦးရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ သံသယဖြစ်သူ ရပ်ကွက်နေ ပြည်သူ(၅၄)ဦးအနက် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်နေ ပြည်သူ(၉)ဦးတို့နှင့် အမှတ်(၂)ရပ်ကွက်နေ ပြည်သူ(၄၅)ဦး တို့အား စစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ၎င်းတို့အနက် (၁၄)ဦးတို့ထံမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ရောဂါပိုးတွေ့ရှိသူများအား မိမိတို့နေအိမ်အသီးသီး၌ အသွားအလာ ကန့်သတ် စောင့်ကြည့်ထားရှိခဲ့ရာ ဆေးကုသမှုခံယူလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေ စိုးရိမ်ဖွယ် မရှိကြောင်း သိရသည်။
ရိခေါ်ဒါရ်မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စစ်ဆေးခြင်းကို ဇွန်လ (၇)ရက်နေ့နှင့် (၈)ရက်နေ့(နှစ်ရက်အတွင်း) စစ်ဆေးမှုအရ ရောဂါစစ်ဆေးမှုခံယူသူ (၁၀၆)ဦးရှိပြီး ရောဂါပိုး တွေ့ရှိသူ (၂၀)ဦးရှိကြောင်း၊ မြို့ပေါ်ရပ်ကွက် (၂)ခုအတွင်း ရောဂါကူးစက်ပျံ့နှံ့မှု အခြေအနေအား ဆက်လက် စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရိခေါ်ဒါရ် (ပြန်/ဆက်)