နမ့်စန်(တ) ဇွန် ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် ၊ မက်မွန်မုန်း ကျေးရွာအုပ်စု ၊ အမှတ်(၂)ကျေးရွာရှိ တောင်ယာစိုက်ခင်းတွင် ဇွန်လ ၈ ရက် ညနေ ၄နာရီအချိန်ခန့်က မိုးကြိုး ပစ်ခံရမှုကြောင့် အသက်(၄၆)နှစ်အရွယ် အမျိုးသား ၁ ဦးနေရာတွင် သေဆုံးခဲ့ကြောင်းသိရသည်။
မိုးကြိုးပစ်ခံရမှုဖြစ်ပွားကြောင်း သတင်းအရ နမ့်စန်မြို့မရဲစခန်းမှ ရဲအုပ်သူရိန်ဝင်းနှင့် တပ်ဖွဲ့ဝင်များ က သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ နမ့်စန်မြို့၊ အမှတ်(၁)ရပ်ကွက်နေ ဦးကျော်ကျော်အောင်သည် ၎င်း၏တောင်ယာတဲအနီးတွင် ဝဲဘက်ရင်ဘတ် တစ်ခြမ်းလုံး (ရင်ဘတ်မှခါးအထိ) အရေခွံကွာထားသည့်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်ကိုစုံစမ်းမေးမြန်းခဲ့ရာ ဦးကျော်ကျော်အောင်သည် ဇနီးဖြစ်သူ(၅၀ နှစ်) နှင့် တူဖြစ်သူ(၃၀ နှစ်) တို့နှင့်အတူ ၎င်းပိုင်ဆိုင်သည့် တောင်ယာစိုက်ခင်းအတွင်း စိုက်ပျိုးရေး လုပ်ငန်းများလုပ်ကိုင်နေရာမှ ညနေ ၄နာရီချိန်ခန့်တွင် မိုးရွာလာသဖြင့် တောင်ယာတဲအတွင်း ဝင်ရောက်မိုးခိုနေခဲ့ကြပြီး ဦးကျော်ကျော်အောင်သည် တဲအပြင်ဘက်ဆေးလိပ်ထွက်သောက် နေခဲ့ကြောင်းနှင့် ၎င်းအချိန်မိုးကြိုးပစ်သံကြား၍ ဇနီးဖြစ်သူမှ တဲအပြင်ဘက်ထွက်ကြည့်ခဲ့ရာ ဦးကျော်ကျော်အောင် အား လဲကျသေဆုံးလျက်တွေ့ရှိကြောင်း သိရသည်။
အဆိုပါ လူသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ နမ့်စန်မြို့မရဲစခန်းတွင် သေမှုသေခင်းဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်