ဆီဆိုင်မြို့နယ်တွင် နာနတ်သီးအထွက်နှုန်းကျသော်လည်း စျေးနှုန်းအသင့်အတင့်ရှိနေ၍ နာနတ်စိုက်တောင်သူများအဆင်ပြေ

ဆီဆိုင်  သြဂုတ်   ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဘန်းဗွီးကျေးရွာ အုပ်စု၊ ကျောင်းချယ်ကျေးရွာတွင် စိုက်ပျိုးထားသော နာနတ်သီးသည် အထွက်နှုန်းကျသော်လည်း စျေးနှုန်းအသင့် အတင့် ရှိနေ၍ နာနတ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဒေသခံနာနတ်သီး စိုက်တောင်သူများထံမှ သိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်သည် စိုက်ပျိုးရေးကို အဓိကစိုက်ပျိုးလျက်ရှိရာ ပြောင်း၊ နာနတ်သီး၊ ကြက်သွန်ဖြူ၊ ဖရဲသီး၊ သခွားမွေး၊ စသည့်ကောက်ပဲသီးနှံအမျိုးမျိူးကို စိုက်ပျိုးကြပြီး နာနတ်သီး စိုက်တောင်သူများက ၀င်ငွေအသင့်အတင့်ရရှိနေကြကြောင်း သိရသည်။

“ကျွန်မက နာနတ်သီး ၂၈ ဧက စိုက်ပါတယ် နာနတ်သီးကို ဇူလိုင်လနှင့် သြဂုတ်လမှာ စိုက်ပျိုးပြီး နောက်နှစ် နှစ်ကျော်  မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့မှာ နာနတ်သီးခူးလို့ရပြီဖြစ်ပါတယ်၊ တစ်ခါစိုက်ရင် လေးသီးစား ရပါတယ်၊ နာနတ်သီးပေါ်ချိန်မှာ ခြံအထိလာဝယ်ရင် ရိုးရိုးသီး ၅၀၀ ကျပ်၊ အလတ်သီး ၂၈၀ ကျပ်၊ အသေးက ၁၅၀ ကျပ်နှင့် ပျားသီးဆို ၁၀၀၀ ကျပ်  နဲ့ ၁၂၀၀ ကျပ် ကြားရောင်းချပြီး တောင်ကြီး၊ ဟဲဟိုး၊ အောင်ပန်းကိုသွားရောင်းတော့ ရိုးရိုးသီး ၁၀၀၀/− ကျပ်၊ အလတ် ၅၀၀ ကျပ် ၊ ၆၀၀ ကျပ်ကြား၊ အသေးက ၃၀၀ ကျပ် နှင့် ပျားနာနတ်သီးက ၂၀၀၀ ကျပ် နဲ့ရောင်းရတယ်၊ ယခင်နှစ်က အလုံးရေ တစ်သိန်းကျော်ထွက်ရှိပြီး အမြတ်ငွေသိန်းတစ်ရာကျော် ရရှိပေမယ့် ယခုနှစ်မှာ မိုးနည်းတော့ အထွက်နှုန်းကျတယ် အလုံးရေ ၇ သောင်း လောက်ပဲထွက်တော့ အမြတ်ငွေက သိန်း ၈၀ ခန့် လောက်ပဲ ကျန်တယ် အထွက်နှုန်းကျပေမယ့် စျေးနှုန်းအသင့်အတင့်ရနေတော့ သိပ်မဆိုးဘူး နာနတ်စိုက်တောင်သူတွေ အဆင်ပြေကြပါတယ် ဟု နှစ်ပေါင်း ၂၁ နှစ်ကြာ နာနတ်သီးစိုက်ပျိုးလာသည့် ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ် ကျေးရွာရှိ နာနတ်သီး စိုက်တောင်သူ မွိုးဖုဲင် က ပြောကြားသည်။

နာနတ်သီးခူးထမ်းအငှားလိုက်သူ နမ့်ဟူးကျေးရွာနေ ဦးစိုးဝင်းကလည်း “လူသုံးယောက်တော့ လိုတာပေါ့ တစ်ယောက်က အသီးခူးပေးပြီး ၂ ယောက်က ခူးထားတဲ့အသီးကို ကောက်ထမ်း ရတာပေါ့ တစ်လုံးကို ၂၀ ကျပ်ရတယ်၊ တစ်ရက်ကို အလုံးရေ ၁၅၀၀ လုံးရပါတယ်  တစ်ယောက် ၁ သောင်းနှုန်း ရတာပေါ့ ၅ ရက်တစ်ပတ်ကို ၂ ရက် ၃ ရက် လိုက်ရတယ် တစ်လကို ၁၈၀၀၀၀/- ခန့်ရပါတယ် ပုံမှန်လေးထမ်းရတော့ အဆင်ပြေပါတယ်ဟုပြောသည်။

“နာနတ်သီးအစားစားရှိတယ် အငယ်သီးတစ်လုံးကို ၁၅၀၊ ၂၀၀ ကျပ် ကြားယူရတယ်၊ လက်လီပြန် ရောင်းတော့ ၃၀၀ နဲ့ ၅၀၀ ကြားပြန်ရောင်းရတယ်၊ အပွသီးကတော့ ၃၅၀/၄၀၀ ကျပ် ကြားနဲ့ဝယ်ရတယ် ပြန်ရောင်းတော့ တစ်လုံး ၈၀၀ ကျပ် နှစ်လုံး ၁၅၀၀ ကျပ်နဲ့ ပြန်ရောင်းရပါတယ်၊ ပျားသီးကတော့ ၈၀၀ ကျပ်နဲ့ ၁၀၀၀ ကျပ် ကြားယူရပါတယ် ကျွန်တော်လက်လီ ပြန်ရောင်းဆိုတော့ ၁၅၀၀ နဲ့ ၂၀၀၀ ကြား ပြန်ရောင်းရပါတယ် ဒါပေမယ့်အခြေအနေအရ ဒီကနေ့ကတော့ သိပ်မဆိုးပါဘူး တစ်ရက်ကို လေးသောင်းနဲ့ ငါးသောင်းကြား ရောင်းရပါတယ် တစ်ရက်နဲ့ တစ်ရက်တော့ မတူဘူးပေါ့ တစ်ခါတစ်လေ ရောင်းအားကောင်းပါတယ် ဟု ပြောသည်။

ဆီဆိုင်မြို့နယ်၊ ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာသည် အိမ်ခြေ ၁၈၆ အိမ်ရှိပြီး နာနတ်စိုက်ဧက ၁၆၀၀ ရှိကြောင်း ဘန့်ဗွီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးခင်အောင်ထံမှ သိရသည်။

ကျောင်းချယ်ကျေးရွာထွက် နာနတ်သီးကို နေပြည်တော်၊ ရန်ကုန်၊ လွိုင်ကော်၊ တောင်ကြီး၊ ဟဲဟိုး၊ အောင်ပန်းနှင့် အခြားဒေသများအား တင်ပို့ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)