သီပေါမြို့၌ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေ၊ ဗီတာမင်စီနှင့် သန်ချဆေးတိုက်ကျွေးပေး

သီပေါ   သြဂုတ်  ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သီပေါမြို့နယ် အတွင်းရှိ အသက်ငါးနှစ်အောက်ကလေးများအား ဗီတာမင်စီနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို  ယနေ့နံနက် ၈နာရီမှစ၍ စတင်တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့တိုက်ကျွေးပေးရာတွင် သီပေါမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိ သူနာပြုဆရာမများက အသက်ငါးနှစ်အောက်ကလေးငယ်များအား အာဟာရချို့တဲ့မှု ရှိ/ မရှိ စစ်ဆေးပေးခြင်းများ ပြုလုပ် ဆောင်ရွက် ပေးခဲ့ရာ အာဟာရချို့တဲ့သည့် ကလေးငယ်များတွေ့ရှိခြင်း မရှိကြောင်း၊  ကလေးသူငယ်များအား အစာ အာဟာရပြည့်ဝသည့် အစားအစာများ ဗီတာမင်များ ပုံမှန်တိုက်ကျွေးပေးရန်နှင့် ဂရုတစိုက် ပြုစုစောင့်ရှောက် ရန် လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီးနောက် ရပ်ကွက်စာရေးနှင့် သာသနာပါလ စနေဆွမ်းလောင်း အသင်းမှ စေတနာ့ ဝန်ထမ်းများက ကူညီပူးပေါင်း၍ အသက်ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်အေ၊ ဗီတာမင်စီနှင့် သန်ချဆေးများ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို သီပေါမြို့နယ် စျေးရပ်ရပ်ကွက်တွင် စတင်ဆောင် ရွက်ခဲ့ပြီး ကျန်ရှိနေသည့်ရပ်ကွက်များတွင်လည်း ဆက်လက်တိုက်ကျွေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)