ဖန်လန်းရွာသစ်၌ ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

ကာလိ  ဇွန်  ၁၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကာလိမြို့ ဖန်လန်းရွာသစ်တွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဦးစီး၍ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဝါးအခြေခံ လက်မှုထည် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဖန်လန်းရွာသစ်ရှိ ပန်ခုံးလောင်း ဓမ္မာရုံ (ဓမ္မသုခမင်္ဂလာ) ဘုန်းတော်ကြီးကျောင်း၌ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းဖွင့်ပွဲတွင် ကွန်ဟိန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး   ဦးဝင်းနိုင် က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး တိုင်းရင်းသား အခွင့်အရေး များ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်နန်းလောင်ဟွမ် က သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက ဌာနမှ ဆောင်ရွက် လျက်ရှိသည့် သင်တန်းများအကြောင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ဒေါ်နန်းဝါနု က သင်တန်းနှင့်ပတ်သက်သည်များအကြောင်းကို ရှင်းလင်းပြောကြားပေးခဲ့သည်။

 

ထို့နောက် သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တက်ရောက်လာကြသောလူကြီးမင်းများနှင့် သင်တန်းသား/ သူများတို့က မိတ်ဆက်ခြင်းများဆောင်ရွက်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ သင်တန်းအား ဇွန်လ ၁၁ ရက်နေ့မှ ၂၅ ရက်နေ့ အထိ (၁၅)ရက်တိတိ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ကာလိ(ပြန်/ဆက်)