တာချီလိတ်မြို့တွင် Quarantine ဝင်နေသောနေရပ်ပြန် ရွှေ့ပြောင်း မြန်မာအလုပ်သမား ၇၀ ဦးအား နေရပ်သို့ ပြန်လည်စေလွှတ်

တာချီလိတ် ဩဂုတ် ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မိုးကုပ်တရားဓမ္မရိပ်သာ၌ Quarantine ဝင်လျက် ရှိသော နေရပ်ပြန်ရွှေ့ပြောင်း မြန်မာအလုပ်သမား ကျား(၄၉)ဦး၊ မ(၂၁)ဦး၊ စုစုပေါင်း(၇၀)ဦးကို မော်တော်ကားများဖြင့် မိမိနေရပ်အသီးသီးသို့ ယနေ့ နံနက် ၉ နာရီအချိန်က ပြန်လည် ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန် ရွှေ့ပြောင်းမြန်မာအလုပ်သမားများသည် ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ မှ ပြန်လည်ဝင်ရောက်လာကြသူများဖြစ်ပြီး Quarantine ဝင်နေကြသူများဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ကူးစက်မှုမရှိကြောင်း သိရှိရသဖြင့် မော်တော်ကားများဖြင့် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင် ပေးခြင်းဖြစ်ကာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောမှ ကျန်းမာရေးထောက်ခံချက် စာရွက်စာတမ်းများကို ပေးအပ်ခဲ့ ကြသည်။

ဆက်လက်၍ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိပါက ကျန်ရှိသော ရက်များအတွက် Facility Quarantine ဝင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်ရှောင်ရန် နှင့် လိုက်နာရမည့် အချက်များကို တိကျစွာ လိုက်နာရန်လိုအပ်ကြောင်း အုပ်ချုပ်ရေးမှူးမှ မှာကြားခဲ့ကြောင်း သိရသည်။

မိုးကုတ်တရားဓမ္မရိပ်သာတွင် နေရပ်ပြန် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၆၄ ဦး ဆက်လက် Quarantine ဝင်လျက်ရှိကြောင်း ထပ်မံသိရသည်။

ယာဆေး (ပြန်/ဆက်)