ငပုတော ဩဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ နယ်အတွင်းရှိ (Village Revolving Fund Project- VRFP) ဖြင့် ဆောင်ရွက်မည့် ကျေးရွာသုံးရွာအတွက် ရန်ပုံငွေ သိန်း ၉၀၀ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လွှဲပြောင်းပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းအောင်၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စိုးသိမ်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုတို့က အမှာစကားများပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်းက စီမံကိန်းရန်ပုံငွေကိစ္စရပ်များနှင့် ကျေးရွာများ ရွေးချယ်ခဲ့မှုအပေါ် ရှင်းလင်းပြောကြားခဲ့ကာ စီမံကိန်းတွင် ပါဝင်သည့် ကံချိုင်ကျေးရွာ၊ သမ္မာဒေဝကျေးရွာနှင့် မရမ်းကုန်းကျေးရွာမှ တာဝန်ရှိသူ များထံ စီမံကိန်းရန်ပုံငွေ သိန်း ၉၀၀ လွှဲပြောင်းပေး အပ်ခဲ့သည်။
အဆိုပါရန်ပုံငွေကြောင့် နိုင်ငံတော်၏ ကိုဗစ် - ၁၉ စီးပွားရေးထိခိုက်မှု သက်သာစေရေး အစီအစဉ်ကို အထောက်အကူပြုနိုင်ခြင်း၊ ရရှိလာသည့် ငွေကြေးဖြင့် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံနိုင်သဖြင့် လုပ်ငန်းများ ပြန်လည်လည်ပတ်လာနိုင်ခြင်း၊ တိုးချဲ့လာနိုင်ခြင်း၊ အသေးစား၊ အငယ်စား စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများပေါ် ပေါက်လာခြင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် နည်းပညာများရရှိလာခြင်း၊ မိသားစုဝင်ငွေတိုးပွားလာခြင်း စသည့်အကျိုးကျေးဇူးများကို စီမံကိန်းတွင် ပါဝင်သည့်ကျေးရွာများအနေဖြင့် ရရှိစေမည်ဖြစ်သည်။
လှမင်းထွဋ်(ပြန်/ဆက်)