ခမောက်ကြီးမြို့တွင် ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်နှင့်ပိုစတာများ ပြည်သူများလက်ဝယ်အရောက်ဖြန့်ဝေ

ခမောက်ကြီး ဩဂုတ် ၁၀

ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အမှတ် (၁) ရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်နှင့်ပိုစတာများ ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ကြောင်းသိရသည်။

ကော့သောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လေးက ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်မှုများပေးခြင်း၊ မဲစာရင်းတွင်အမည်မပါပါက (ပုံစံ-၃) ဖြင့်လည်းကောင်း၊ မဲစာရင်းတွင်မပါဝင် သင့်သူတစ်ဦးပါဝင်နေပါက (ပုံစံ-၄) ဖြင့်လည်းကောင်း၊ ကိုယ်ရေးအချက်အလက်များ မှားယွင်းပါက (ပုံစံ-၄ဂ) ဖြင့်လည်းကောင်း ဆောင်ရွက်နေမှု များအား စနစ်တကျဖြစ်ရေးနှင့် မှန်ကန်မှုရှိရေး စသည်ဖြင့် ဆွေးနွေးပြောကြားရာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ အခက်အခဲများနှင့် ဆောင်ရွက်မှုအခြေအနေများအား ဆွေးနွေးတင်ပြပါသည်။

ထို့နောက် ကော့သောင်းခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့်အတူ ခမောက်ကြီးမြို့ အမှတ် (၁) ရပ်ကွက်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ဝင်များလိုက်ပါလျက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်နှင့်ပိုစတာများအား ပြည်သူများလက်ဝယ် အရောက် ဖြန့်ဝေဆောင်ရွက်ပေးကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကော့သောင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လေးနှင့်အဖွဲ့ဝင်များ၊ ကော့သောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်အဖွဲ့ဝင်များ၊ ခမောက်ကြီးမြို့၊ အမှတ် (၁) ရက်ကွက် ရွေးကောက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ထွန်းအောင်နှင့်အဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန့်လေးလေး(ခမောက်ကြီး ပြန်/ဆက်)