ပုသိမ်ကြီး သြဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်လွင်ဦးနှင့် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စောယုသင်းတို့က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ များအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မဲစာရင်းများ ကြေညာထားရှိပြီးဖြစ်သည့်အတွက် မဲဆန္ဒရှင်များ၏ ဖြည့်စွက်ပြင်ဆင်ခြင်းလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ကြစေလိုကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လုပ်ကိုင်ကြစေလိုကြောင်း မှာကြားဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသော ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအသီးသီး၏ သိလိုသမျှမေးမြန်းခြင်းကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို