ညောင်တုန်း ဩဂုတ် ၁၀
မြန်မာနိုင်ငံကြက်ခြေနီအသင်း Red Ready စီမံချက်နှင့် ညောင်တုန်းမြို့နယ် ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) (၂/၂၀၂၀) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းသား/ သင်တန်းသူများက ''ပြည်သူ့အတွက် ကြက်ခြေနီ'' သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးအေးထွန်းက ပညာရေးနှင့်ကြက်ခြေနီ လုပ်ငန်းအကြောင်း၊ မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသန်းလွင်က အသင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိသည့် စာရင်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်ဆုရရှိသူများနှင့် သင်တန်းသား/သင်တန်းသူ ၃၁ ဦးတို့အား သင်တန်းဆင်းလက်မှတ်များကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်၊ ဧရာဝတီတိုင်း ဒေသကြီး ကြက်ခြေနီအသင်း ကော်မတီ ဥက္ကဋ္ဌ မန်းကြည်ရွှင်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ဝဠာနိုင် (ညောင်တုန်း)