မောက်မယ်ယာယီပျံကျစျေးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

မောက်မယ်  သြဂုတ် ၁၀

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့ ယာယီပျံကျစျေးအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို ယမန်နေ့ နံနက် ၆ နာရီက COVID-19ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ၊ ကုသရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရနှင့် အဖွဲ့ဝင် ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရှောင်တခင် ကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါစစ်ဆေးရာတွင် ယာယီပျံကျစျေးတွင် စျေးရောင်း/ စျေးဝယ်သူများအား နှာခေါင်းစည်း Mask များ တပ်ဆင် ထားခြင်း ရှိ/မရှိ နှင့် တစ်ဦးနှင့် တစ်ဦး ခြောက်ပေကွာ စျေးရောင်း ဝယ်ခြင်း ရှိ/မရှိကို စစ်ဆေး ခဲ့ကြသည်။

မောက်မယ်မြို့နယ်ယာယီပျံကျစျေးတွင် COVID-19ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသိ ပညာပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့မှစ၍ နှာခေါင်းစည်း Maskများ တပ်ဆင်လာခြင်းမရှိသည့် စျေးရောင်း / စျေးဝယ်သူများအား ဒဏ်ငွေ  ပေးဆောင်စေခြင်းနှင့် နှင့် နှာခေါင်း စည်း Maskများ ဝယ်ယူစေခြင်းများကို ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း သြဂုတ်လ ၅ ရက်နေ့တွင် ကျင်းပပြု လုပ်သည့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)