ဖျာပုံ သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဦးမျိုးညွန့်သည် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်မိုးမိုးအေး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သိန်သိန်းဌေး၊ ဖျာပုံခရိုင်တရားသူကြီး ဒေါ်မိမိမော်နှင့် မြို့နယ်တရားသူကြီး ဒေါ်မွန်ရည်အေးတို့ လိုက်ပါ၍ ယနေ့နံနက် ၈ နာရီအချိန်က ဖျာပုံမြို့နယ် အကျဉ်းထောင်နှင့် မြို့မရဲစခန်းတို့ကို သွားရောက် စစ်ဆေးကြသည်။
ဖျာပုံအကျဉ်းထောင်မှူး ဦးဘိုဌေးက အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ကျနေသူများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်မှု၊ သောက်သုံးရေရရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့်အဖွဲ့သည် အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသူများ၊ အချုပ်ကျနေသူများ နေထိုင်သည့်အဆောင်များ၊ ဆေးပေးခန်း၊ စားဖိုဆောင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးခြင်း၊ အကျဉ်းကျနေသူ၊ အချုပ်ကျနေသူများကိုလည်း နေရာထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ ကျန်းမာရေး မကောင်းပါက ဆေးကုသခွင့် ရ/မရ၊ ညှင်းပန်းနှိပ်စက်ခံရမှုများ ရှိ/မရှိ၊ အစားအသောက် အာဟာရ စားသုံးရခြင်း အခြေအနေ၊ ဥပဒေနှင့်အညီ ရသင့်ရထိုက်သည့် အခွင့်အရေးများ ရ/မရ ကိစ္စနှင့်ပတ်သက်၍ မေးမြန်းခဲ့ပြီး လိုအပ်သည်များကိုလည်း ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးနှင့်အဖွဲ့သည် ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံမြို့မရဲစခန်း၊ ကျိုက်လတ်မြို့မရဲစခန်း၊ အချုပ်ထောင်၊ ဒေးဒရဲမြို့မရဲစခန်း၊ အချုပ်ထောင်တို့သို့ သွားရောက်စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)