ဘိုကလေး-စက်ဆန်း ကားလမ်း ဘိုကလေးမြို့အဝင်မှ ကျူးကျော်ဈေးဆိုင်များအား မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ရှင်းလင်း ဆောင်ရွက်

ဘိုကလေး ဩဂုတ် ၁၀

မြို့နယ်သန့်ရှင်း သာယာလှပစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး-စက်ဆန်း ကားလမ်း၊ ဘိုကလေးမြို့အဝင်မှ ကျူးကျော်ဈေးဆိုင်များအား ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ ရှင်းလင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ကျူးကျော်ဈေးဆိုင်များ ရောင်းချနေမှုများကြောင့် ဘိုကလေး-စက်ဆန်း ကားလမ်းပေါ်တွင် ယာဉ်အန္တရာယ်များစိုးရိမ်ရခြင်း၊ ၎င်းဈေးဆိုင်များမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကြောင့် မြို့နယ် သန့်ရှင်းသာယာ လှပစေရေးတို့ကို ထိခိုက်စေပြီး မြို့အင်္ဂါရပ်နှင့် မကိုက်ညီသည့်အတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၎င်းကျူးကျော်ဆိုင်များအား ဖျက်သိမ်းပေးရန် ပထမအကြိမ် အသိပေးခဲ့ပြီးကြောင်း၊ ယနေ့ကွင်းဆင်း ရှင်းလင်းဖယ်ရှားခြင်းမှာ ဒုတိယအကြိမ် ထပ်မံအသိပေး ဖယ်ရှားစေခြင်း ဖြစ်ကြောင်းနှင့် ကျူးကျော်ရောင်းချနေသည့် ဈေးဆိုင်ပေါင်း (၁၄)ဆိုင်ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။

အဆိုပါ ဘိုကလေး-စက်ဆန်း ကားလမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၏ ခရိုင်/မြို့နယ် ဆက်သွယ်သည့် လမ်းမတစ်ခုဖြစ်ပြီး လမ်းနယ်နိမိတ် (၁၅၀)ပေ (လမ်းအလယ်မှ တစ်ဖက် ၇၅ပေ အထိ) သတ်မှတ်ထားပြီးဖြစ်သဖြင့် လမ်းအထူးအဖွဲ့(၁၄)မှလည်း ၎င်းကျူးကျော် ဈေးဆိုင်များအား ဖယ်ရှားရှင်းလင်း ပေးပါရန် အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)