မိုင်းဆတ်မြို့မဈေးရှေ့၌ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကာကွယ်ရန် အသိပညာပေးခြင်းနှင့် စနစ်တကျ လက်ဆေးခြင်း လက်တွေ့ပြသ

မိုင်းဆတ် မတ် ၂၆

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့မဈေးရှေ့၌ COVID-19 ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကာကွယ်ရန် အသိပညာပေးခြင်းနှင့် စနစ်တကျလက်ဆေးခြင်း လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၇)နာရီက မြို့နယ်စည်ပင် သာယာရေး ကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့မဈေးရှေ့၌  အသံချဲ့စက်ဖြင့် မြန်မာ၊ ရှမ်း၊ လားဟူ ဘာသာစကား(၃)မျိုးဖြင့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ပြင်းထန်ကူးစက်ရောဂါ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကူး စက်မှုကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်း၊ ဈေးသူဈေးသားများ၊ ဈေးဝယ်လာသူများအား ဈေးအတွင်း မဝင်မီ ဈေးရှေ့အဝင်ပေါက် လက်ဆေးဘေလ်စင်များ၌ စနစ်တကျ လက်ဆေးနည်းလက်တွေ့ ပြသ၍ လက်ဆေးပြီးမှသာ ဈေးအတွင်း ဝင်ရောက်ခွင့်ပြုပြီး သံသယရှိသော သူများအား ကိုယ်အပူချိန်တိုင်းတာ ရေးစက် (Infrared Thermometer) ဖြင့် တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆောင်ရွက်နေမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်နိုင်ဝင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဦးကျော်နိုင်တို့က ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)