ဟိုမိန်း သြဂုတ် ၁၀
လူကုန်ကူးမှုသည် လက်ရှိအချိန်တွင် တရားမဝင် မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု ပြီးလျှင် တတိယမြောက် အများဆုံးရာဇဝတ်မှုတစ်ခု ဖြစ်သည့်အတွက် ပြည်သူများ လူကုန်ကူးမှုအန္တရာယ်မှ ဝိုင်းဝန်း ပူးပေါင်းကာကွယ်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ လူကုန်ကူးမှုတိုက်ဖျက်ဖို့ တာဝန်ကိုယ်စီ ယူကြစို့ ” အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့သည်။
အသိပညာပေးနံရံကပ်စောင်တွင် မြန်မာနိုင်ငံတွင်ဖြစ်ပွားလေ့ရှိသော လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးမှုဆိုသည်မှာ၊ လူကုန်ကူးသူများ၏ လူစုဆောင်းသည့် နည်းလမ်းများ၊ လူကုန်ကုန်းမှု တားဆီး ကာကွယ်ရေး နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ လူကုန်ကူးမှုဆိုင်ရာ ဥပဒေများ၊ လူကုန်ကူးခံရသူများ ရရှိနိုင်သော ဆိုးကျိုးများ၊ လူကုန်ကူးမှု ကျူးလွန်ပါက ခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်အကူအညီတောင်းနိုင်သည့် တိုင်းနှင့်ပြည်နယ် အလိုက် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဖုန်းနံပါတ်များနှင့် လူကုန်ကူးမှုလျော့ချရေး ကာတွန်းသရုပ်ဖော်ပုံများဖြင့် ပြည်သူများသိရှိစေရန် ပညာပေးဖော်ပြထားကြောင်း သိရှိရသည်။
ရဲနောင်(ဟိုမိန်း)