ဖလမ်းမြို့တွင် ဆန်၊ ဆီ၊ ဆားနှင့် စားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများက စီစဉ်ဆောင်ရွက်ထား

ဖလမ်း မတ် ၂၆

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဖလမ်းမြို့တွင် ဆန်၊ ဆီ၊ ဆားနှင့် စားသုံးကုန်များ ပြတ်လပ်မှုမရှိစေရေး သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများက ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ထားကြောင်း ဖလမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြားအွယ်က ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးက “ဖလမ်းမြို့ နှစ်ခြင်းခရစ်ယာန်အဖွဲ့က မုံရွာကနေ ဆန်အိတ်(၅၀၀) မှာထားတယ်။ ချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (CRCDF) အဖွဲ့ကလည်း ကလေးမြို့ရှိ ဆန်အိတ် (၃၀၀)မှာထားတာရှိတယ်။ ချင်းပြည်နယ် အစိုးရ အဖွဲ့ကလည်း ဆန်အိတ်(၂၀၀၀)ကို ပခုက္ကူမြို့ကို မှာထားပြီး တောင်ပိုင်းအတွက် ဆန်အိတ် (၁၀၀၀)၊ မြောက်ပိုင်းအတွက် ဆန်အိတ်(၁၀၀၀)ဝယ်ထားပြီးဖြစ်တယ်။ ရပ်/ကျေး အုပ်ချုပ် ရေးမှူးများကိုလည်း မိမိနယ်အတွင်း ဧည့်သည်ဝင်ရောက်မှုကို ကြီးကြပ်ဆောင်ရွက်ရန် မှာကြားထားတယ်။ ဧည့်သည်များကိုလည်း ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး စစ်ဆေးမှု ဆောင်ရွက်ထားပြီး ရောဂါ တွေ့ရှိမှုမရှိသေးဘူး။ ဖလမ်းမြို့ ပြည်သူ့ဆေးရုံမှာလည်း သံသယလူနာ ကူသရန် သီးသန့်အခန်း ထားရှိပါတယ်။ ဖလမ်းမြို့တွင် စျေးဆိုင်များကို စျေးနှုန်းမြင့် ရောင်းချခြင်းမပြုလုပ်ရန် အကူအညီ တောင်းထားကြောင်း”ပြောကြားသည်။

ဖလမ်းမြို့နေပြည်သူများသည် မတ် ၂၄ ရက်နေ့စပြီး COVID-19 ရောဂါအန္တရာယ်ကြောင့် ဆန်၊ ဆီ၊ ဆားနှင့် စားသုံးကုန်များကို ဝယ်ယူစုဆောင်းထားကြသည်။ ကလေးမြို့မှ ဖလမ်းမြို့သို့ ကုန်စည်များအဓိက တင်ပို့သည့် ကလေး-ဖလမ်း ကားလမ်းမကြီးသည် ပိတ်ထားခြင်းမရှိဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်းသာဖြစ်ပြီး ကုန်ကားများ၊ လိုင်းကားများ ပုံမှန်ပြေးဆွဲနေဆဲဖြစ်ကြောင်း သိရသည်။

ဂျွန်(ပြန်/ဆက်)