မြို့နယ်အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်

ဒီးမော့ဆို မတ် ၂၆

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့များက အရှိန်အဟုန်မြှင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်၏ အဝင်အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ် နှစ်ခုဖြစ်သော လွိုင်ကော်-တောင်ငူ လမ်းမပေါ်ရှိ ဒေါတဝီ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ဒီးမော့ဆို-မိုးဗြဲ လမ်းမပေါ်ရှိ ကပ္ပါယ်ခူ ပူးပေါင်းစစ်ဆေးရေးတို့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့ တို့ပါဝင်သော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက အဝင်အထွက် ပြည်သူများအား  ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ နေရပ်ပြန်ပြည်သူများအား စာရင်းကောက်ယူခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ပြည်သူများ  လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသံချဲ့စက်များဖြင့် လိုက်လံအသိပေး နှိုးဆော်ပေးလျက်ရှိ ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)