နမ့်ဆန်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအသိပညာပေးဟောပြော

နမ့်ဆန် မတ် ၂၆

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု မရှိစေရေး ကျေးရွာများသို့ ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ပညာပေးခြင်း ကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများတို့က ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ထိုသို့ဟောပြောရာတွင် ဌာနဆိုင်ရာရုံးများဖြစ်သည့် လဝကရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြန်/ဆက်ရုံး၊ မြို့နယ် အခွန်ဦးစီးဌာနရုံး၊ မြို့နယ်မြေစာရင်းရုံး၊ မြို့နယ်စီမံကိန်းရုံးနှင့် ပညာရေးမှူးရုံး စုပေါင်းရာနေရာတွင် ပြည်ပမှ ဝင်ရောက်လာ သူများ၊ တရုတ်ပြည်ပြန်များနှင့် လဝကရုံးတွင် မှတ်ပုံတင်လာရောက်ပြုလုပ်ကြသူများတို့ကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ဟောပြောခြင်း၊ ကျေးရွာတိုင်းတွင် ပြည်ပမှ ဝင်ရောက်လာသည့် သူများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများတို့တွင် အကြောင်းကြားခြင်းနှင့် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် လူတိုင်းလက်ကို စနစ်တကျဆေးကြောပေးခြင်းဖြင့် ကိုရိုနာဗိုင်းရပ်ကို ကြိုတင် ကာကွယ်မှု ပြုလုပ်ပေးကြရန်နှင့် စနစ်တကျလက်ဆေးနည်းကို ကျန်းမာရေးဝန်ထမ်းများက အသိပညာပေး ဟောပြောပြသခဲ့ကြသည်။ ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်၍ လက်ကမ်းစာစောင်ဝေငှပေးခြင်း၊ နံရံကပ်ပိုစတာများ ဖြန့်ဝေခြင်း ဆောင်ရွက်ပေးပြီး မွန်းလွဲပိုင်းတွင် တရုတ်ပြည်၊ ထိုင်းနိုင်ငံမှ ပြန်လာသူများ ရှိသည့် တောင်မကျေးရွာအုပ်စုတွင် သွားရောက်အသိပညာပေး ဟောပြောမည်ဖြစ်ကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)