မြောင်းမြ သြဂုတ် ၁၁
နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလစီးပွားရေးကုစားမှုအစီအစဉ်၊ COVID 19 Economic Relief Plan (CERP) အရ စပါးမျိုးသန့်ထုတ် တောင်သူများအတွက် နိုင်ငံတော်မှ ပံ့ပိုးငွေ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မျိုးသန့်မျိုးစေ့ ထုတ်လုပ်သူ တောင်သူများနှင့် တွေ့ဆုံ ညှိနှိုင်းပွဲတွင် သိရသည်။
"မျိုးသန့်မျိုးစေ့ထုတ်လုပ်တဲ့ တောင်သူတွေ Covid-19 ကာလမှာ ပြန်လည်ထူထောင် ရေးအတွက် အခက်အခဲ မရှိရလေအောင် စိုက်ပျိုးရေးဦးစီးဌာနက ကူညီဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ အရည်အသွေးကောင်း မျိုးစေ့ထုတ်လုပ်မှုအတွက် တစ်ဧကကို ကျပ်တစ်သိန်း ငါးသောင်းကျော်နဲ့ အထွက်ကောင်းမျိုး စိုက်ပျိုးသူအတွက် တစ်ဧကကို ကျပ်တစ်သိန်း လေးသောင်းကျော် ပံ့ပိုးပေးမှာဖြစ်ပြီး မြောင်းမြခရိုင်အတွင်း မျိုးစေ့မျိုးသန့်ထုတ် စိုက်ဧက ၇၆၀ ဧကအတွက် နိုင်ငံတော်က ကျပ်သိန်းပေါင်း (၁၁၃၆) သိန်း ပံ့ပိုးပေးသွားမည်ဖြစ်ပါတယ်" ဟု ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစိုးသိန်းက ပြောကြားသည်။
မြောင်းမြမြို့နယ်အတွင်း မျိုးစေ့မျိုးသန့်ထုတ်လုပ်ဧက ၂၇၀ ဧက၊ မျိုးသန့်စိုက်ပျိုးထုတ်လုပ်သူ တောင်သူ ၆၁ ဦး ရှိပြီး ယခုလို နိုင်ငံတော်က ပံ့ပိုးမှုအတွက် မျိုးသန့်မျိုးစေ့ထုတ် တောင်သူတွေက နိုင်ငံတော်သို့ တစ်စုံတစ်ရာ ပြန်လည်ပေးဆပ်စရာ မလိုအပ်ဘဲ အရည်အသွေးကောင်း မျိုးသန့်မျိုးစေ့ ထုတ်လုပ်မှု ပိုမိုတိုးတက်စေရန်နှင့် တောင်သူများ အထွက်နှုန်းကောင်းမွန်သော မျိုးသန့်မျိုးစေ့များ စိုက်ပျိုးခြင်းဖြင့် ကျေးလက်နေတောင်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းပွဲတွင် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများနှင့် ဝန်ထမ်းများ၊ မျိုးသန့်မျိုးစေ့ထုတ် တောင်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)