မူဆယ် မတ် ၂၆
မြန်မာနိုင်ငံအနှံ့မှ မူဆယ်မြို့သို့ ဝင်ရောက်လာသည့် ခရီးသည်တင်ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများကို မူဆယ်မြို့အဝင် Oriental Highway တိုးဂိတ်နှင့် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံ Oriental Highway တိုးဂိတ်တို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ကော်မတီ (မူဆယ်)၊ ကြက်ခြေနီတပ်ဖွဲ့နှင့် တာဝန်ရှိသူတို့က ယမန်နေ့ နံနက် ၁၁ နာရီက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သည်။
ယခင်က တရုတ်ပြည်၊ ဂျယ်ဂေါင်ဘက်မှ မြန်မာပြည်ဘက်သို့ ဝင်ရောက်သည့် ယာဉ်များကို အဓိကထား၍ ဆေးဖျန်းခြင်းလုပ်ငန်းများ ပြုလုပ်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရမှု ရှိနေပြီဖြစ်ရာ မူဆယ်ဒေသ အတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တင်းကြပ်စွာ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကော်မတီ(မူဆယ်)မှ ဦးမျိုးခိုင်က ပြောသည်။
“အရင်က တရုတ်နိုင်ငံ ဂျယ်ဂေါင်ဘက်ကနေ ဝင်လာတဲ့ကားတွေနဲ့ မူဆယ်မြို့ကတဆင့် မြန်မာနိုင်ငံ၊ ပြည်မဘက်ကို ဦးတည်သွားနေတဲ့ ကားတွေကိုပဲ ဦးစားပေးဖြန်းဖြစ်တယ်၊ ဒါပေမယ့် အခုက မြန်မာနိုင်ငံမှာ ဒီ COVID-19 ရောဂါ ကူးစက်ခံရမှု တွေ ရှိနေပြီဆိုတော့ မူဆယ်မြို့ကို မြန်မာပြည်အနှံ့က ဝင်ရောက်လာတဲ့ ကားတွေကိုပါ ပိုးသတ်ဆေးတွေဖြန်းဖို့ လိုအပ်ပါတယ်၊
မူဆယ်မြို့က အနယ်နယ်အရပ်ရပ်က ခရီးသွားမိဘပြည်သူတွေ လာရောက် သွားလာလည်ပတ်နေကြတဲ့ နယ်စပ်မြို့တစ်ခုဖြစ်တာကြောင့် ရောဂါပြန့်နှံ့ဖို့က လွယ်ကူတယ်၊ ဒါကြောင့် ရှေ့ဆက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက် ပေးသွားမှာဖြစ်ပြီး မြို့ပေါ်ရပ်ကွက်တွေအတွင်းပါ ဆေးဖျန်းတာတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်” ဟု ဦးမျိုးခိုင်က ရှင်းပြသည်။
မူဆယ်မြို့သည် နယ်စပ်မြို့တစ်မြို့ ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက် လည်ပတ် အလုပ်လုပ်ကိုင်သူ များပြားလျက်ရှိနေပြီး COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ အသင်းများနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းပါဝင်သည့် အဖွဲ့ပေါင်းစုံက နေ့စဉ် တင်းကြပ်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)