တံတားဦး ဩဂုတ် ၁၁
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ ရသည့် တိရစ္ဆာန်များအတွက် အစာနုထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၁) နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးအတွင်းရှိ အများပြည်သူဝန်ဆောင်မှုရုံး (OSS) တွင် ကျင်းပသည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီနှင့် ဦးဝဏ္ဏအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်တို့က အမှာစကားအသီးသီးပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမောင်မောင်က မြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ရသည့်တိရိစ္ဆာန်များအတွက် အစာနုထောက်ပံ့ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းပြောကြားကာ မြစ်ရေဝင်ရောက် သည့်ဒေသများတွင်ရှိသော ပြောင်းရွှေ့ရသည့်တိရစ္ဆာန်များအတွက် အစာနုများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူ များက ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့သည်။
တံတားဦးမြို့နယ်အတွက် မြစ်ရေဝင်ရောက်သည့် ပြောင်းရွှေ့ရသည့်တိရစ္ဆာန်များအတွက် နွားတစ်ကောင်အတွက် တစ်ရက်လျှင် အစာနု (2) kg သုံးရက်စာကိုလည်းကောင်း၊ မြင်း၊ ဝက်၊ ဆိတ်များအတွက် တစ်ရက်လျှင် အစာနု (1) kgကို အသီးသီးထောက်ပံ့ပေးနိုင်ပါကြောင်းနှင့် မြစ်ရေဝင် ရောက်မှုကြောင့် ပြောင်းရွှေ့ရသည့် ကျေးရွာအုပ်စု (၁၆) အုပ်စုရှိပြီး နွား (၅၁၈၆) ကောင်၊ မြင်း (၁၁၈) ကောင်၊ ဝက် (၆၄) ကောင်၊ ဆိတ် (၆၄)ကောင်၊ စုစုပေါင်း (၅၄၃၂) ကောင်ကို အစာနုသုံးရက်စာထောက်ပံ့ပေးနိုင်ပါကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇော်ထံမှ သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)