မအူပင် သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံညှိနိုင်းမှုအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ သိသင့်သိထိုက်သည်များ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ သိရှိရန်နှင့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းအား ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့အထိ ကြေညာခဲ့ရာ မဲစာရင်းတွင် အမည်မပါရှိသူများ၊ ပါဝင်သင့်သူမပါရှိမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် မဲစာရင်းကြေညာရက်ကို ၇ ရက်ထပ်တိုး ပြီးဆက်လက်ကြေညာခဲ့ရကြောင်း၊ မအူပင်ခရိုင်အတွင်း ကိုယ်စားလှယ်လောင်း (၈၁)ဦး တင်သွင်းမှုရှိကြောင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို စိစစ်ဆေးအဖွဲဖြင့် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ် မဲစာရင်းကြေညာသည့် နေရာများသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက သတ်မှတ်မြို့နယ်များအလိုက် ကွင်းဆင်းဆောင်ရွက်မှုကို မှတ်တမ်းတင် ထားရှိကြောင်း ပြောကြားခဲ့သည်။
ခရိုင်ရွေးကောက်ပွဲအရာရှိက ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ကိုယ်စားလှယ် လောင်း(၈၁)ဦး တင်သွင်းထားရှိကြောင်း၊ သြဂုတ်လ ၁၁ ရက်နေ့မှ စတင်၍ ကိုယ်စား လှယ်လောင်း အမည်စာရင်း တင်သွင်းမှုအား စိစစ်ရေးအဖွဲ့ဖြင့် စိစစ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စိစစ်ရာတွင် စည်းကမ်း၊ ဥပဒေအတိုင်း စိစစ်သွားမည်ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်းများ၏ နိုင်ငံသားဖြစ်မှု မဖြစ်မှုကို လ.ဝ.က ဦးစီးဌာနက စိစစ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ကန့်ကွက်ရန် ဆန္ဒရှိပါက စိစစ်သည့်နေ့တွင် ကန့်ကွက်တင်ပြနိုင်ကြောင်း၊ မဲစာရင်းတွင် မှတ်ပုံတင်အမှတ် မပါရှိသူများ ၁ သိန်းကျော်ရှိမှုအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပုံစံ-၃ ဖြင့် မဲစာရင်း တွင်ကျန်ရှိသည့် အခြေအနေအား စိစစ်သွားမည် ဖြစ်ကြောင်း၊ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းမှုအား စိစစ်ရမည့် အစီအစဉ်နှင့် (၇)ရက်အတွင်းအပြီး စိစစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် မအူပင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပညာရေးဌာနအနေဖြင့် မဲရုံမှူး တာဝန်ကျ ဆရာ/ ဆရာမများအား အသက် ၅၈ နှစ်နှင့်အထက် မပါဝင်ရေး၊ မီးဖွားခွင့်ခံစားမည့်သူများ၊ ရောဂါလက္ခဏာရှိသည့်ဝန်ထမ်းများ မဲရုံမှူးတာဝန် မပေးအပ် ရန်ညှိနှိုင်း ဆွေးနွေးရာ ပညာရေးဌာနမှ မဲရုံမှူး သင်တန်းတက်ရောက်ပြီးသူ ဝန်ထမ်းများကိုသာ မဲရုံမှူးတာဝန်ထမ်း ဆောင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းနှင့် ရွေးကောက်ပွဲ ကာလတွင် လုပ်သက်ခွင့်နှင့် လစာမဲ့ခွင့်ယူသည့်ဝန်ထမ်းများအား တာဝန်ပေးအပ်မှု မရှိရေး ပြန်လည် ဆွေးနွေးခဲ့ပါသည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ အနေဖြင့် ပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးမှုအတွက် မှတ်တမ်းတင်ထားရှိကြောင်း ရွေးကောက်ပွဲကျင်းပချိန်တွင် သမာသမတ် ကျကျ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအစည်းအဝေး တိုင်းကို မပျက်မကွက် တက်ရောက်စေလိုကြောင်း၊ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ နှင့်လွတ်လပ်မျှတပြီး အများယုံကြည် လက်ခံနိုင်အောင် ချမှတ်ထားသည့် စံ(၅)ရပ်ဖြစ်သည့် လွတ်လပ်မျှတ အများယုံကြည် ပွင့်လင်းမြင်သာမှုပြည်သူ့ဆန္ဒနှင့် တစ်ထပ်တည်းကျရမည်ဟူသော စံများနှင့် အညီ ဆောင်ရွက်မည် ဟုပြောကြားကာ လုပ်ငန်းညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)