မိုင်းဆတ်မြို့၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မိုင်းဆတ်  ဩဂုတ်  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ခွေးရူးရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး လက်ကမ်း စာစောင်များကို ယနေ့နံနက်(၇)နာရီ က မြို့မယာယီပျံကျဈေးတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခွေးရူးရောဂါနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်စေရန်နှင့် ခွေးရူးရောဂါ ကာကွယ်ရေး သိကောင်းစရာများကို ကြိုတင်ကာကွယ်မှုပြုလုပ်နိုင်ရန် ရည်ရွယ်၍ ဖြန့်ဝေ ပေးရခြင်း ဖြစ်ကြောင်း ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦး က ပြောသည်။

အဆိုပါ ခွေးရူးရောဂါကာကွယ်တားဆီးရေး အသိပညာပေးလက်ကမ်းစာစောင်တွင် ခွေးရူးရောဂါ ကူးစက်ခံရနိုင်သည့်နည်းလမ်းများ၊ ခွေးရူးရောဂါဖြစ်နေကြောင်း ခွဲခြားသိနိုင်သည့်နည်းလမ်းများ၊ လူတွင် ခွေးရူးရောဂါ ကူးစက်ခံရပါက ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများ၊ ခွေးကိုက်ခံရပါက ခွေးရူးပြန်ရောဂါ မဖြစ်ပွားအောင် ကာကွယ်နိုင်သောနည်းလမ်းများ၊ ခွေးကိုက်ခံရပြီးပါက ခွေးရူးရောဂါကာကွယ်ဆေး မဖြစ်မနေ ထိုးရမည့် အခြေအနေများ၊ အိမ်တွင်မွေးမြူထားသော ခွေး/ကြောင်များ ခွေးရူးရောဂါမှ ကြိုတင်ကာကွယ် သောနည်းလမ်းများ၊ သတိပြုလိုက်နာရမည့် အချက်များ၊ ခွေးရူးရောဂါကာကွယ် ဆေးထိုးပေးနိုင်ရန် ဆက်သွယ်ရမည့်လိပ်စာနှင့် ဖုန်းနံပါတ်များ ပြည့်စုံစွာပါရှိကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာ နိုင်ထွန်းဦး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းနှင့် ဝန်ထမ်းများက မြို့မယာယီ ပျံကျဈေးရှိ ဈေးရောင်း/ဝယ် လာသူများနှင့် လူစည်ကားရာ လ္ဘက်ရည်ဆိုင်တို့တွင် လက်ကမ်းစာစောင် (၂၀၀)စောင်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)