ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါထိန်းချုပ်ရေး ညှိနှိုင်းအစည်းအဝေး တီးတိန်၌ပြုလုပ်

တီးတိန် မတ် ၂၆

ချင်းပြည်နယ် တီးတိန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ရောဂါထိန်းချုပ်ရေး ညှိနှိုင်းအစည်းအဝေးကို ခွာဒိုခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။

ညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် မွေးမြူရေးနှင့် သတ္တုနှင့်သစ်တောရေးရာ ဝန်ကြီး ဦးမန်ဟင်းဒါလ်းက ဆွေးနွေးရာတွင် ပြည်ထောင်စု၊ ပြည်နယ်အစိုးရနှင့်​မြို့နယ်မြေပြင်အနေ အထားနှင့် အဆက်အသွယ်မပြတ်စေရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း၊ ကပ်တဲလ်ကျေးရွာကို Lock Down အဖြစ် သတ်မှတ်ထားကြောင်းနှင့် တီးတိန်မြို့ကို အနီးကပ်စောင့်ကြည့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးသည်။ ဆက်လက်၍ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အရင်က ပညာပေးအဆင့် ဆောင်ရွက်ခဲ့သော်လည်း ယခုတွင် ထိထိ ရောက်ရောက်လှုပ်ရှား ဆောင်ရွက်ရန် အထူးလိုအပ်နေပြီဖြစ်ကြောင်း၊ လူမှုရေး၊ သာရေး၊ နာရေး၊ စီးပွားရေး၊ ဘာသာရေးကိစ္စရပ်များကို လမ်းညွှန်ချက်များနှင့်အညီ ထိရောက်စွာ ဆောင်ရွက်ကြရန် ဆွေးနွေးသည်။

ထို့နောက် ချင်းပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတိုးဝင်းက အမျိုးသားအဆင့်မှ လမ်းညွှန်မှာကြားချက်များနှင့် ပြည်နယ်အစိုးရမှ လမ်းညွှန်ချက်များ၊ ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရေးနှင့် စားနပ်ရိက္ခာအတွက် စိုးရိမ်ပူပန်မှု မရှိစေရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ လူနာရှင်နှင့် ဆက်စပ်ထိတွေခဲ့သည့် သူများအား အနီးကပ်စောင့်ကြည့်ရန် လိုအပ်ကြောင်း ဆွေးနွေးပြီး ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက ကလေးခရိုင်နှင့် ဖလမ်းခရိုင် လမ်းပန်းဆက်သွယ်မှု အဆင်ပြေအောင် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးသည်။

ပြည်နယ်ကျန်းမာရေးဌာနမှ ဒေါက်တာရန်နိုင်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြေညာချက်၊ ထုတ်ပြန်ချက်၊ လမ်းညွှန်ချက်များအကြောင်း ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် တီးတိန် မြို့နယ်ဆေးရုံအုပ် ဒေါက်တာ ဇော်မြင့်နိုင်က ရှေ့လုပ်ငန်းစဉ်အတွက် လုပ်ငန်းစီမံလျာထားချက်များကို တင်ပြဆွေးနွေးကာ လူနာ၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း ပြောကြားပြီး တက်ရောက်လာသူများ၏ တင်ပြဆွေးနွေးချက်များကို တာဝန်ရှိသူ တို့က ပြန်လည်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒိုင်းဒိမ့်(ပြန်/ဆက်)