ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်မည့် ကျေးရွာ (၁၆) ရွာအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များ ဦးဆောင်၍ ရန်ပုံငွေများ ထုတ်ချေးပေးလျက်ရှိ

ကျောက်ပန်းတောင်း ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်မည့် ကျေးရွာ(၁၆)ရွာအား၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်၍ မိမိတို့သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဆင်း ထုတ်ချေး ပေးလျက်ရှိရာ၊ ယမန်နေ့ နံနက်ပိုင်းက စည်ပင်ကျေးရွာနှင့် မွန်းလွဲပိုင်းတွင် ကြက်ပြစ်ကျေးရွာတို့၌ ထုတ်ချေးပေး ခဲ့ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအေးခိုင်နှင့် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေဦးတို့သည်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေနှင့် ဝန်ထမ်းများလိုက်ပါလျက်၊ ကိုဗစ်ကာလနိုင်ငံတော်၏ စီးပွားရေးကုစားမှု အစီအစဉ် Covid-19  Economic Relief Plan (CERP) ဖြင့်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျောက်ပန်းတောင်း မြို့နယ်အတွင်း ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကို၊ ကျေးရွာ (၁၆) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားလျက်ရှိရာ၊ နံနက်(၉)နာရီက စည်ပင်ကျေးရွာသို့ ရောက်ရှိခဲ့ကြပြီး၊ ကျေးရွာ ဘုန်း‌တော်ကြီးကျောင်းတွင် ရပ်မိရပ်ဖများ၊ ပြည်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်က ရှင်းလင်းပြော ကြားရာတွင် ကိုဗစ်-၁၉ ကာလတွင် တောင်သူများအနေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးဆိုင်ရာ ထိခိုက်မှုများရှိနိုင် သဖြင့် နိုင်ငံတော်အစိုးရ၏စေတနာဖြင့် စီးပွားရေးကုစာမှုအစီအစဉ်အဖြစ် ယခုစီမံကိန်းကို ဆောင်ရွက်ပေးခြင်းဖြစ်ပါ ကြောင်း ပြောကြားသည်။ ယင်းနောက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေက စီမံကိန်းဆိုင်ရာ များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီများ၏ စီစဉ်မှုဖြင့် ချေးငွေများကို ထုတ်ချေး ပေးခဲ့ကြပြီး၊ မွန်းလွဲပိုင်းတွင် ကြက်ပြစ်ကျေးရွာ၌ ဆက်လက်ထုတ်ချေးပေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကို အိမ်ခြေ (၅၀) ရှိကျေးရွာများကို ချေးငွေ ကျပ်သိန်း (၁၀၀) နှင့် အိမ် ခြေ(၅၀)နှင့်အထက်ကျေးရွာများကို ကျပ်သိန်း(၂၀၀)၊ အိမ်ခြေ (၁၀၀) နှင့်အထက်ရှိကျေးရွာများကို ငွေကျပ်သိန်း(၃၀၀)ထုတ် ချေးပေးခြင်းဖြစ်ကြောင်းနှင့် ရရှိလာသည့် အတိုးငွေများဖြင့် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းသိရပြီး၊ ကျေးရွာ(၁၆)ရွာအနက် ယမန်နေ့အထိ ကျေးရွာ (၁၀)ရွာ ထုတ်ချေးပေးပြီး ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)