နမ့်စန်မြို့တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနား ကျင်းပ

နမ့်စန်(တ)      ဩဂုတ်  ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် Access to Health ရန်ပုံငွေဖြင့် မာရီစတုပ်(ခ်) မြန်မာ (MARIE STOPES MYANMAR) နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သော အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉နာရီက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုအဆင့်-၁ ဒေါ်သင်းသင်းအေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မာရီစတုပ်(ခ်)မြန်မာမှ မြို့နယ်တာဝန်ခံ ဒေါက်တာဖြိုးသူအောင် က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဝင်းမူယာ က အခမ်းအနား တက်ရောက်လာသည့် ကိုယ်ဝန်ဆောင် မိခင်များနှင့် ငါးနှစ်အောက် ကလေးမိခင်များအား အာဟာရအုပ်စုများမှ အဟာရ ဓာတ်များ အကြောင်းကို အသိပညာပေးပြောကြားခဲ့ပြီး အာဟာရနှင့်မိခင်နို့ တိုက်ကျွေးခြင်းဆိုင်ရာ ဗဟုသုတ မေးခွန်းများကို မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုအဆင့်-၁ ဒေါ်သင်းသင်းအေး၊ မာရီစတုပ်(ခ်)မြန်မာမှ မြို့နယ်တာဝန်ခံ ဒေါက်တာဖြိုးသူအောင်၊ ပြည်ကြီးခင်အဖွဲ့မှ ဒေါက်တာ ခွန်အောင်ဇော်ဟိန်း၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများက စံပြမိခင်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း၊ ငါးနှစ် အောက်ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်း၊ မိခင်များကို အမှတ်တရ လက်ဆောင်ပစ္စည်းများ၊ ကြက်ဥနှင့် အိုင်အိုဒင်းဆားများ ပေးဝေခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)